Sunday, September 9, 2012

ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား

မာဂျေ
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
ရှေးစကားတစ်ခုရှိသည်။ ရာဇ၀တ် ဘေး ပြေးမလွတ်ဟု ဖြစ်သည်။ သို့သော် မာဂျေမြင်နေရသည်က ရာဇ၀တ်ဘေး ပြေးလျှင် လွတ် တတ်သည်ဟု ဆိုရမလို ဖြစ်နေသည်။ ရှေးစကားနှင့်တော့ ဖီလာ ဆန့်ကျင်ဖြစ်နေသည်။ ရှင်းပါအံ့။

တစ်ခေတ်က အကောက်ခွန်ဝန်ထမ်း များကို အစုလိုက် အပြုံလိုက် ထောင်ထဲ ထည့်ခဲ့သည်။ အချို့ဆိုလျှင် ယခုထိ မလွတ်ကြသေး။ သို့သော် အရိပ်သုံးပါး နားလည်သူတို့က အဖမ်းတော့ မခံနိုင်ဟု ဆိုကာ ပြေးကြသည်။ ကိစ္စ၀ိစ္စများ အေးချမ်းသွားသော် တိမ်းရှောင် နေသူ များ ဘာမှမဖြစ်ဘဲ လွတ်လပ်စွာနေခွင့်ရ သွားသည်။
ဤကား သာဓကတစ်ခု။ ၁၉၈၈ အရေးအခင်းပြီးသော် အချို့ က မိမိယုံကြည်သည့်လမ်းစဉ်အတွက်တိုင်းတစ်ပါးသို့ တိမ်းရှောင်ကြ သည်။ အချို့က လက်နက်ကိုင် တော်လှန်ကြသည်။ အချို့ ပြည်ပမှနေပြီး ပြည်တွင်း အစိုးရကို ဆန့်ကျင်ဝေဖန်သည့် အသံများ ထုတ် လွှင့်ကြသည်။
အချို့က ဇာတ်တူသားစား လူသတ်မှုများ ကျူးလွန်ပြီး တိမ်းရှောင်ကြသည်။ ဒီမိုကရေစီရရှိရေးဟု ကြွေးကြော်ကာ ပြည်ပတွင် အထောက်အပံ့များစွာဖြင့် အနေချောင်ခဲ့ကြသည်။ ယခုတော့ သူတို့တောင်းဆိုသော ဒီမိုကရေစီလည်း ရပြီဟုထင်သည်။ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်ပအဖွဲ့ အစည်းများထံ စီးဆင်းနေသောငွေများ ပြည်တွင်းသို့ စီးဝင်လာကြသည်။
ထိုအချိန် တွင် အဆိုပါသူများသည် ပြည်တွင်းသို့ ပြန်လာကြပြန်သည်။ ယခင်က မတိမ်းရှောင်လျှင် သေဒဏ်နီးပါးကျသင့်မည့် သူများ သည် သူရဲကောင်းများသဖွယ် အိမ်ပြန်လှနေကြသည်။ အချို့ဆိုလျှင် အစိုးရဌာနများဖြင့် ဖက်စပ်အလုပ် အကိုင်များပင် လုပ်ကိုင် နေကြပြီ ဖြစ်သည်။
တစ်ချိန်က သတင်းစာများတွင် ဘယ်အဖွဲ့က ရန်တိုက်ပေးနေသည်။ ဘယ်အဖွဲ့က အကောက်ကြံနေသည် စသဖြင့် ဖော်ပြခံခဲ့ ရသူများသည် ယခုအခါ အစိုးရနှင့် အထူးပနံသင့်နေပြီဖြစ်သည်။ ဘယ်ကိုမှမတိမ်းရှောင်ဘဲ ပြည်တွင်း၌သာ နိုင်ငံရေးကို တစ်စိုက် မတ်မတ် လုပ်သူများ ထောင်ပေါင်းစုံသို့ လှည့်လည် လေ့လာနေရချိန်တွင် အဆိုပါသူများကား ပြည်ပ၌ ပြည်တော်သာ နေခဲ့ကြသည်။
ပြည်ပတွင် အနေအစားမချောင် ချိန်တွင်လည်း ပြည်တွင်းသို့ ခပ်တည်တည် ပြန်လာခွင့်ရှိရုံမက သူရဲကောင်း များသဖွယ် အကြိုဆို ခံကြရသည်။ ထို့ကြောင့်လည်း ရာဇ၀တ်ဘေးဆိုသည်မှာ ပြေးနိုင်လျှင်လွတ်တတ်သည်ဟု မာဂျေ ဆိုလိုခြင်းဖြစ်သည်။
ထိုသူများ၏ဘ၀မှာ အားကျစရာဖြစ်သည်။ အထက်ပါသူများကား နိုင်ငံရေး သမားများဖြစ်သည်ဟု စောဒကတက်လို သူများ ရှိလိမ့် မည်။ အလားတူပင် နှစ်လုံးထီ ဒိုင်များ၊ ဘောလုံးထီ ဒိုင်များကို ဖမ်းဆီးချိန်တွင်လည်း အဆိုပါ ဒိုင် ဆိုသူများက ဘုရားဖူးထွက်သည်၊ ပြည်ပခရီး အလည်သွားသည်ဟုဆိုကာ ရှောင်တိမ်းကြသည်။
စီမံချက်ကာလပြီးဆုံးလျှင် မူလအလုပ်ကို ခပ်တည်တည်ပြန် လုပ်နိုင်ကြသည်။ မပြေးနိုင်သူတို့ကား ထုံးစံအတိုင်း ထောင်အတွင်း ၀င်ကြရ တော့သည်။ ဤသည်မှာလည်း ရာဇ၀တ်ဘေး ပြေးလျှင်လွတ်သည်ဟူသော အဆိုကို အားဖြည့်ပေးသည့်အချက်ဖြစ်သည်။
အလားတူပင် အနှိပ်ခန်းတွေဖမ်းမည်ဟု ကြားသည်နှင့် ဆိုင်များပိတ်ကာ ကလေးမများကို ဘုရားဖူးပို့သူပို့၊ ရွာပြန် ခိုင်းသူက ပြန်ခိုင်း ဖြင့် ငြိမ်နေပြီး အဆိုပါ စီမံချက်ပြီးချိန်တွင် ဆိုင်လည်းအနေ အထားမပျက် ပြန်ဖွင့်နိုင်ကြသည်။ အလွန် အတုယူဖွယ်ရာပင်ဖြစ်သည်။
လွန်ခဲ့သော နှစ် ၄၀ ခန့်က သရော်စာ တစ်ပုဒ် ဖတ်ဖူးသည်။ အစိုးရတပ်ဖြင့် တိုက်ပွဲဖြစ်ပြီး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ သောတူဖြစ်သူ သူပုန်တပ်သားကို ဆေးရုံ သွားတွေ့ပြီး ပြန်အလာ အဆိုပါသူပုန် အဖွဲ့ခေါင်းဆောင်၏ အလင်းဝင်အခမ်းအနားသို့ ၀န်ကြီးများ တက် ရောက်ချီးမြှင့် သည်ကိုတွေ့သဖြင့် သူပုန်ဗိုလ်ဖြစ်အောင် မလုပ်နိုင်ခဲ့သောတူကို စိတ်ဆိုး သည်ဟူသည့်စာဖြစ်သည်။
ကိုယ်တွေ့တစ်ခု ပြောပြလိုသည်။ မာဂျေက အစိုးရအရာရှိလုပ်ချိန်တွင် ကျောင်းနေဖက်တစ်ဦးက ရာဇ၀တ်မှု တစ်ခုကို တိမ်းရှောင် ရင်းတောခိုသွားသည်။ မာဂျေ အစိုးရအလုပ်မှပြုတ်ပြီး ယောင်လည်လည်ဖြစ်နေချိန်တွင် အဆိုပါ သူငယ်ချင်းက ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့တွင် ဧရာမလူကြီးဖြစ်နေသည်။
တစ်နေ့ ထမင်းဆိုင်တစ်ဆိုင်တွင် မာဂျေ နှင့်တွေ့သော် အဆိုပါသူငယ်ချင်းက မင်းသည် အလွန်မိုက်မဲသည်။ ငါကဲ့သို့ တောခို သူပုန် ထလျှင် ယခုလောက်ဆို ကြီးပွားနေလောက်ပြီဟု ဆူပူသွားဖူးသည်။ တပည့်တစ်ပန်း အခြွေအရံများစွာ ဖြင့် ဆိုင်အတွင်း ၀င်လာသော သူ့ကို ကြည့်ပြီး ရာဇ၀တ်မှုတစ်မှုမှ မကျူးလွန်ခဲ့ ဖူးသည်ကို မာဂျေနောင်တရခဲ့ဖူးသည်။
ဤစာရေးနေချိန်တွင် တပည့်ကျော် မောင်ကြွက်နီ ရောက်လာသည်။ မာဂျေ ရေးနေသည်ကိုကြည့်ပြီး ရာဇ၀တ်ဘေး မပြေးဘဲ လွတ် နေသူတွေ အပုံကြီးရှိသည်။ ပြေး၍ လွတ်သူများအကြောင်း စာဖွဲ့လျှင် အဆိုပါ မပြေးဘဲ လွတ်နေသူ များက ရယ်လိမ့်မည်ဟုပြော၏။
သူပြောမှပင် မာဂျေ၏စာမှာ အလကားစာဖြစ် သွားတော့သည်။ သို့သော်လည်း မတတ်နိုင်၊ အချိန်တန်လျှင် သရော်စာတစ်ပုဒ် ပေးရ မည့် အချိန်တွင် ယခုရေးထားသော စာမှလွဲပြီး တခြားဘာမှမရှိ။ ဤစာကိုပင် အယ်ဒီတာထံ ပို့ရပေတော့မည်။
မောင်ကြွက်နီပြောသော ရာဇ၀တ်ဘေး ကို ပြေးစရာမလိုဘဲ ဘယ်သူတွေ လွတ် နေသည်ဆိုသည်ကိုတော့ စာဖတ်သူများ မိမိဘာသာ တွေးကြည့်ကြရန်သာ ဖြစ်ပေတော့သည်။

From -မြန်မာ့တိုင်းမ်

No comments:

Post a Comment