Sunday, September 23, 2012

ကေအိုင်အေခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး အပိုင်း(၁)




ကေအိုင်အေနဲ့ မြန်မာအစိုးရတို့ ပဋိပက္ခဖြစ်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပါပြီ။ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေပေမဲ့လို့ အခုအချိန်အထိ ငြိမ်းချမ်းရေးမရတာ ဘာကြောင့်လဲဆိုတာ စဉ်းစား ဖို့လိုလာပါပြီ။ နှစ်ဘက်စလုံး က ဆွေးနွေးတယ်လို့ပြောနေပေမဲ့လို့ တကယ်တန်းကျတော့ ငြိမ်းချမ်းရေး ဆိုတာ အလှမ်းဝေးနေဆဲပဲဖြစ်ပါတယ်။

ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ စစ်တပ်ကနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့အဖွဲ့နဲ့ ကေအိုင်အေဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပါဝင်တဲ့ ကိုယ်စားလှယ်တွေ လဂျားယန်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ သဘောတူ ညီပြီးမှ တောင်းဆိုမှုတွေ အဆုံး မသတ်နိုင်ဘဲ အချိန်ဆွဲခဲ့တာကြောင့် ငြိမ်းချမ်းရေးဆိုတာလည်း အလှမ်းဝေး ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကသာ ကေအိုင်အေအနေနဲ့ တကယ်တန်း ငြိမ်းချမ်းရေးကို လိုလားလို့ အပစ်အခတ် ရပ်စဲရေးကိုလက်တွေ့လုပ်ဆောင် ခဲ့မယ်ဆိုရင် ဒီနေ့ကချင်ပြည်နယ်ကြီးဟာစစ်ရဲ့အနိဌာရုံတွေ ၊အငွေ့ အသက်တွေကင်းစင်နေမှာပါ။
ကချင် ပြည်နယ်ကြီးကို ကေအိုင်အေခေါင်းဆောင်တွေ ကသာ တကယ်ချစ်ခဲ့ပြီး တိုင်းရင်းသား ညီအစ် ကိုတွေ အကျိုး စီးပွားအတွက် စဉ်းစားပေးခဲ့မယ်ဆို ရင် ကေအိုင်အေတို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေ အခုလောက်အထိ ဆုံးရှုံးမှာမဟုတ်သလို တိုင်း ရင်းသားပြည် သူတွေအနေနဲ့လည်း ဒုက္ခရောက်မှာ မဟုတ်ပါဘူး။ ကေအိုင်အေတွေ အမြဲပြောနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုတာလည်း တော်တော် ခရီးရောက်လောက်ပါပြီ။
သမ္မတကြီးအနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကာချုပ်ဆီကို အပစ်အခတ်ရပ်စဲပြီး ထိုးစစ်မဆင်ဖို့ လာတိုက် ရင်လည်း ခုခံကာကွယ်ရုံကလွဲပြီး စစ်တပ်ကစပြီး မတိုက်ခိုက်ရဆိုပြီး ညွှန်ကြားတုန်းကလည်း စစ်တပ် အနေနဲ့လိုက်နာခဲ့ပေမဲ့ ကေအိုင်အေတို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ကနယ်မြေဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့သူတွေကို ကေအိုင်အေတို့ဘက်ကအကြောင်း မရှိအကြောင်း ရှာပြီး နှစ်ဖက် ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ ဆက်ပြီးတိုက်ခိုက် တာတွေ တွေ့ရ ပါတယ်။ 
သမ္မတကြီးအနေနဲ့ လမ်းတံတားတွေပြုပြင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ထမ်းတွေကိုလွှတ်တဲ့အခါ ၀န် ထမ်းတွေ လုံခြုံဖို့အတွက် စစ်တပ်က အဓိကလမ်းမကြီးတွေဖြစ်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်း၊ မြစ်ကြီးနား- ကန်ပိုက်တီးနဲ့ ဗန်းမော်-လွယ်ဂျယ်လမ်း တစ်လျှောက်က ကေအိုင်အေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ရှင်းလင်းရတာတွေရှိပါတယ်။ တကယ်တန်းအခုလိုလုပ်ရတာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီး ပွား အတွက် နိုင်ငံတော်သမ္မတကြီးနဲ့ ကာချုပ်တို့က လုပ်သင့်လုပ်ထိုက်တဲ့ နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးဖို့၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာစေဖို့၊ ပြည်သူတွေ အေးချမ်းသာယာစွာနဲ့ ကုန်စည်ကူးသန်း သွားလာနိုင်ဖို့ ဖြစ်တယ်ဆိုတာ ကေအိုင်အေခေါင်းဆောင်ကြီးများအနေနဲ့ သိပေမဲ့လို့ ဒါကိုပဲအကြောင်းပြ ချက်တစ်ခု အနေနဲ့ စစ်ပွဲတွေ၊ အဖျက်လုပ်ငန်းတွေကို ဆက်ပြီးဖန်တီးခဲ့ပါတယ်။ ကေအိုင်အေတွေသာ ဒီလမ်းကြောင်းမှာရှိတဲ့ တံတားတွေ၊ လမ်းတွေကို မနှောင့်ယှက်၊ မဖျက်ဆီးခဲ့ဘူးဆိုရင် ဒီနေရာကိုရောက်လာစရာ အကြောင်းမရှိပါဘူး။
ကေအိုင်အေခေါင်းဆောင်များဟာ တကယ်တော့သူတို့အကျိုးစီးပွားအတွက်သာ အဓိကထားပြီး တိုင်းရင်းသားပြည်သူတွေအကျိုးစီးပွားကို လစ်လျူရှုခဲ့လို့ ကချင်တိုင်းရင်းသားတွေအပါအ၀င် ကချင်ပြည် နယ် မှာနေထိုင်နေတဲ့ လူမျိုးစုတော်တော်များများဟာ စစ်ရဲ့အကျိုးဆက်တွေကို ခံစားနေရပြီး ဒုက္ခသည် စခန်းတွေမှာ အိုးမဲ့အိမ်မဲ့နဲ့ မိသားစုတကွဲတပြား ဖြစ်ခဲ့ကြပါတယ်။
ကေအိုင်အိုတို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ သဘောထားဟာ မှန်ကန်ပြီး ငြိမ်းချမ်းရေးလိုလားတဲ့သူတွေရဲ့ လုပ်ရပ်မဟုတ်သလို ဘယ်နိုင်ငံမှလည်း မကျင့်သုံးခဲ့တဲ့ နည်းလမ်း တစ်ခုပါပဲ။ တကယ်တော့ နှစ်ဖက်စလုံးအပစ်အခတ်ရပ်စဲပြီးမှ ငြိမ်းချမ်းရေးကို ဆွေးနွေးရမှာပါ။ တစ်ဘက်က လည်း အပစ်အခတ်ရပ်စဲနေလို့လည်း မရပါဘူး။
ကေအိုင်အေတို့အနေနဲ့ ထိခိုက်ကျဆုံးမှုများနေတာသိပေမဲ့ မီဒီယာတွေအနေနဲ့ သုံးပုံတစ်ပုံလောက် သာ ဖော်ပြနေတာ လည်းတွေ့နေရပါတယ်။ ကေအိုင်အေက ကျဆုံး၊ ဒဏ်ရာရတဲ့ သူ ထောင်ကျော် ရှိတယ်လို့ ကေအိုင်အေနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။ တိုက်ပွဲမှာ အဖမ်းခံရတဲ့ ကေအိုင်အေတို့ ဆုံးရှုံးမှုအနေနဲ့ အရာရှိ (၁၀) ဦး အပါအ၀င် အယောက် (၁၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။
အပိုင်း(၂)အား ဆက်လက်ဖော်ပြပါဦးမည်...

From-ကချင်နေ့စဉ်သတင်း

No comments:

Post a Comment