Tuesday, September 25, 2012

တရုတ်က တိုက်ရိုက်ကုန်ကြမ်းယူ ကုန်ချောသွင်းနေ၍ မြန်မာ့ကြိမ်ဈေးကွက်ပျက်လာ

ပြည်တွင်းထွက်ရှိသောကြိမ်များအား ကုန်ကြမ်းအဖြစ်ပြည်ပသို့ တိုက်ရိုတ်တင်ပို့နေခြင်း ကြောင့် ပြည်တွင်းဈေးကွက် ၌ ကုန်ကြမ်းရှားပါးကာ ကြိမ်လုပ်ငန်းရှင်များအနေဖြင့် ရပ်တည်ရန်ခက်ခဲလာကြောင်း သိရှိရသည်။

 
''တရုတ်ကို အများဆုံး ကုန်ကြမ်းတွေ ထွက်နေတယ်။ မနှစ်ကနေစပြီး တရုတ်က ဖိဝယ်ပြီး သူတို့တံဆိပ်ကပ်ပြီးသား အချောကို ပြည်တွင်းထဲမှာပြန်ရောင်းတယ်။ ဒီဘက်က ကျတော့ ကုန်ကြမ်းရှိပြီး ဈေးကွက်ထဲ မထည့်နိုင်တော့   ဈေးကွက်က မြင့်သထက် မြင့်လာတယ် ''ဟု ရေကြည်မြို့နယ်မှ ကြိမ်လုပ်ငန်းရှင် ဦးစိုးနိုင်က ပြောသည်။ 
 
ပြည်ပနိုင်ငံများသို့ ပြည်တွင်းကုန်များအား အချောထည်အဖြစ် ပြောင်းလဲနိုင်သော်လည်း အချောထည်အဖြစ် တင်ပို့ခြင်းမဟုတ်ပဲ ကုန်ကြမ်းအဖြစ်သာ တင်ပို့ခြင်းကြောင့်ဈေးကွက် ပျက်ယွင်းမှုများစွာဖြစ်ပေါ်နိုင်ကြောင်း ၄င်းက ဆိုသည်။
 
''ကုန်ကြမ်းဈေးတွေလည်း တက်လာတယ်။ မနှစ်က ကြိမ်တစ်စီးကို တစ်သောင်းလောက် ပေးဝယ်ရပေမယ့် ဒီနှစ်ကို   နှစ်သောင်းလောက်   ပေးဝယ်နေရတယ်။ ကုန်ကြမ်းဈေးမြောက် လာတဲ့အပြင် အမှာစာတွေကလည်း (၈ဝ)ရာခိုင်နှုန်းလောက် ကျသွားတယ် ''ဟု ရေကြည်မြို့နယ် ကြိမ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ထွေးက ပြောသည်။
 
ကြိမ်ကုန်ပစ္စ္စည်းများအတွက် အမှာစာများလျော့နည်းလာရခြင်းမှာ သစ်ခုတ်သူများသည် တရုတ်နိုင်ငံနှင့်တိုက်ရိုက်ဆက်သွယ်ကာ ကုန်ကြမ်းများအဖြစ် တိုက်ရိုတ်တင်ပို့နေခြင်း ကြောင့်လည်းကောင်း၊ တရုတ်နိုင်ငံမှ ကြိမ်ပစ္စည်းအချောထည်များအဖြစ် ပြည်တွင်း သို့ ပြန်လည် ရောင်းချလာခြင်းများနှင့် ပြည်တွင်းသုံးစွဲမှုအားနည်းလာခြင်းတို့ကြောင့် ဖြစ် ကြောင်း ၄င်းအမြင်ကို ပြောဆိုသည်။
 
ကုန်ကြမ်းကြိမ်များသည် ရခိုင်ရိုးမ၊ပဲခူးရိုးမ၊ကသာ၊ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ထွက်ရှိပြီး ကြိမ်အချောထည်များ အဖြစ်ပြုလုပ်ကာ ပြည်ပနိုင်ငံများဖြစ်သော ဘရာဇီးနိုင် ငံနှင့်အမေရိကနိုင်ငံများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း၊ လက်ရှိတွင် ပြည်ပသို့ တင်ပို့မှုမရှိသေးကြောင်း သိရှိရသည်။ 
 
မြန်မာနိုင်ငံတွင် ၁၉၉ဝခုနှစ်မှစကာ ကြိမ်ဈေးကွက်စတင်ပေါ်ပေါက်လာပြီး ၂ဝဝ၈ခုနှစ်ထိ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်းသိရှိရသည်။
 
ကြိမ်လုပ်ငန်းစက်ရုံပေါင်း (၇၅)ရုံခန့်ဖြင့်လည်ပတ်လုပ်ကိုင်ခဲ့သော ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ်တွင် လက်ရှိ ၂ဝ၁၂ခုနှစ်တွင် စက်ရုံပေါင်း (၂၅)ရုံခန့် သာလည်ပတ်လုပ်ကိုင်နိုင်တော့ကြောင်း သိရသည်။
 
''ကြိမ်လုပ်ငန်းလုပ်လာတာ အနှစ်လေးဆယ်လောက်ရှိပြီ၊ မိရိုးဖလာလုပ်လာကြတာပါ။ ဒီမှာက လုပ်စရာဆိုလို့ ရာသီချိန်မှာ လယ်စိုက်၊ ကိုင်းစိုက်ရယ်၊ ကြိမ်အလုပ်ရယ်ပဲရှိ တာ။ အခုကြိမ်လုပ်ငန်းတွေနားထားကြရတော့ ကလေးတွေဆို မြို့တက်ပြီးစက်ရုံတွေမှာ သွားလုပ်နေကြရတယ် ''ဟု ရေကြည်မြို့မှ ကြိမ်လုပ်သားတစ်ဦးက ပြောသည်။ 
  
ရေကြည်မြို့တွင် ကျေးရွာအုပ်စုပေါင်း (၉၉)အုပ်စုရှိပြီး ဒေသခံများသည် လယ်ယာနှင့်  ကြိမ်လုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိကြောင်း သိရသည်။
From-မြစ်မခ

No comments:

Post a Comment