Tuesday, September 25, 2012

နိုင်ငံရေးဘာသာရပ်များသင်ကြားပေးတော့မည့် မန်းတက္ကသိုလ်

 
 နိုင်ငံရေးကိုစိတ်ဝင်စားသော လူငယ်များအ တွက် နိုင်ငံရေး သင်ခန်းစာများပါဝင်သော နိုင်ငံတကာ ဆက်ဆံရေးပညာဘွဲ့လွန် (ဒီပလိုမာ) အချိန်ပိုင်းသင်တန်း ( Diploma in International Relations ) DIRအား မန္တလေးတက္ကသိုလ်တွင် လာမည့် ဒီဇင်ဘာလ(၆)ရက်နေ့မှစတင် သင်ကြားတော့ မည်ဖြစ်ကြာင်း နိုင်ငံတကာဆက်ဆံရေးပညာဌာနမှုး ပါမောက္ခဒေါ်မိမိကြီး က ဆိုသည်။

 
 ဒီသင်တန်းဖွင့်ဖို့ အထက်ကိုတင်ပြထားတာ ၂၀၀၈ခုနှစ်ကတည်းကပါ ၊ ခုမှပဲ သင်ဖို့အခွင့်ကြ ပါတယ်ဟု ဒေါက်တာမိမိကြီး က ပြောသည်။
 
အဆိုပါသင်တန်းကို ဘွဲ့ရရှိပြီးသူမည်သူမဆို တက်ရောက်နိုင်ပြီး အသက်ကန့်သတ်ထားခြင်း မရှိ ကြောင်းကိုလည်း သိရသည်။
 
နိုင်ငံရေးကိုစိတ်ဝင်စားတယ်ဆိုရင် ကမ္ဘာ့နိုင်ငံရေးရော မြန်မာ့နိုင်ငံရေးရောသင်ပေးမယ် ၊ သင်တဲ့ အခါမှာ အခြေခံအကြောင်း အရင်းတွေ ကို စသင်ပေးသွားမှာဖြစ်တယ်’’ဟု ၎င်းကဆက်ပြောသည်။
 
အဆိုပါသင်တန်းတွင် နိုင်ငံ၏အဓိပ္ပာယ် ၊ အစိုးရ၏အဓိပ္ပာယ် ၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အကြောင်း နှင့် မီဒီယာကိစ္စများကိုပါ သင်ကြားပေးသွားမည်ဖြစ်သည်ဟု ဆက်လက် ပြောကြားသည်။
 
စိတ်ဝင်စားမှုလဲရှိ ၊ နိုင်ငံရေးအခြေခံလည်းရှိရင်တော့ ဒီသင်တန်းက အောင်မြင်မှာဖြစ်တယ်ဟု ဒေါက်တာ မိမိကြီးက သုံးသပ်သည်။
 
သင်တန်းကာလမှ(၉)လကြာမြင့်မည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလ(၆)ရက်နေ့ မနက်(၇) နာရီမှ (၉)နာရီ ထိ တစ်ပတ်လျှင် (၅)ရက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
 
သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် လျှောက်လွှာများကို အောက်တိုဘာ(၁)ရက် နေ့မှ စတင်လက်ခံ မည်ဖြစ်ပြီး နိုဝင်ဘာလ (၁၅)ရက်တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကာ နိုဝင်ဘာ(၂၁)တွင် ၀င်ခွင့်ဖြေဆိုရမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁)ရက်နေ့တွင် တက်ရောက်ခွင့်ရှိသူ စာရင်းကို ထုတ်ပြန်ပေးမည်ဟု သိရသည်။
 
ဝင်ခွင့်ကို အင်္ဂလိပ်လို ဖြေရမယ် ၊ ဘာလို့လဲဆိုတော့ အင်္ဂလိပ်လို သင်မှာ ၊ မြန်မာလိုလည်း ပြန်ရှင်းပြမယ် ၊ အခြေခံရှိမရှိ သိချင်လို့ စစ်တာဖြစ်တယ်ဟု ကထိကဆရာမတစ်ဦးက ပြောကြားသည်။
 
သင်တန်းကာလ(၉)လအတွက် သင်တန်းကြေး (၆၀၀၀၀) သတ်မှတ်ထားပြီး နှစ်ရစ်ခွဲကာ ပေးသွင်း နိုင်ကြောင်းနှင့် စိတ်ဝင်စားသူ များအနေဖြင့် နိုင်ငံတကာဆက်ဆံရေးပညာဌာန မန္တလေး တက္ကသိုလ် ၊ ဖုန်း ၀၂-၂၁၀၈၀ ၊ ၀၉၂၀၀၅၆၃၉ ၊ ၀၉ ၉၁၀၀၃၇၉၂ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
 
သင်တန်းတွင် ပါတီများအကြောင်း ရွေးကောက်ပွဲများအကြောင်းနှင့် Interest Group CSO (အရပ်ဘက်အဖွဲ့အစည်းများ) အကြောင်းကိုပါ ထည့်သွင်းသင်ကြားမည်ဖြစ်ကြောင်းသိရသည်။
 
မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်ထားရှိသော နိုင်ငံတကာဆက်ဆံရေးဌာနအနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ အကူအညီတောင်းခံမှုကြောင့် သွားရောက်သင်တန်းပေးဖူးမျိုးရှိသလို အခြားပါတီများ အဖွဲ့အစည်းများအနေဖြင့် စိတ်ဝင်စားလျှင် ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ် အကူ အညီတောင်းခံနိုင်ကြောင်းကိုလည်း သိရသည်။
 
ယခုဖွင့်လှစ်မည့် သင်တန်းကို တက်ရောက်အောင်မြင်ပြီးပါက နိုင်ငံခြားရေးရုံးနှင့် နိုင်ငံတော် သမ္မတရုံးတို့တွင် အလုပ်လုပ်နိုင်ရန် အခွင့်အရေးများပေါ်ပေါက်လာမည်ဖြစ်ကြောင်းကိုလည်း တွဲဖက် ပါမောက္ခဖြစ်သူ ဒေါ်ကျော့ကျော့ခိုင်က ပြောသည်။
From-မြစ်မခ

No comments:

Post a Comment