Thursday, September 13, 2012

ဦးဘဂျမ်း၊ စင်ဒီကရောဖို့ဒ်နဲ့ ကြော်ငြာလောကရဲ့ ကိုယ်ကျင့်တရား

မောင်သာချို
(တစ်)
ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးကို ဗဟိုကချုပ်ကိုင်သည့် စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်ဆီသို့ ရွေ့လျားပစ်လိုက်ပြီးသည့်နောက် ဈေးကွက်နှင့် အတူတကွ ဖွံ့ထွားလာသည့် လုပ်ငန်း မှာ ကြော်ငြာလုပ် ငန်းပဲဖြစ်ပါသည်။ ကြော်ငြာ အကျိုးဆောင်လုပ်ငန်းများ တည်ထောင်လာကြကာ ရုပ်မြင်သံကြားပေါ်က စာနယ်ဇင်းများပေါ်က၊ ရေဒီယို အသံလွှင့်လေလှိုင်းပေါ်က၊ လမ်းဘေးဝဲယာ ဧရာမဆိုင်းဘုတ်ကြီးများ ပေါ်ကနေ၍ ကိုယ်တာဝန်ယူထားသည့် စီးပွားရေးလုပ်ငန်းအောင်မြင်မှု ရရှိစေရန် ကြော်ငြာပေးကြသည်မှာကား သဘာဝပင်ဖြစ်ပါသည်။

ထိုကြော်ငြာပေါင်းစုံတို့ကို ကြည့်ရင်း၊ နားထောင်ရင်း၊ ဖတ်ရှုရင်းက ဖတ်မိသမျှ မှတ်မိသမျှ ကလေးများကို သတိရလာမိကာ အတွေးတချို့တလေကို ဖောက်သည်ပြန်ချလိုခြင်း ဖြစ်ပါသည်။ Business ethic ဟု ခေါ်မလား။ Advertising ethic ဟု ခေါ်မလား။ ကျွန်တော်မသိပါ။ ကြော်ငြာလုပ်ငန်းနှင့် စီးပွားရှာသူတို့ လိုက်နာသင့်သော ကိုယ်ကျင့်တရားများဟုပဲ ဆိုကြပါစို့။
(နှစ်)
ကျွန်တော်တို့ နိုင်ငံ၌ နာမည်ကျော်ကာတွန်းဆရာကြီးတစ်ဦးရှိခဲ့ဖူးပါသည်။ အလင်္ကာကျော်စွာ ကာတွန်းဆရာကြီးဦးဘဂျမ်းဖြစ်ပါသည်။ ဆရာကြီး
ဦးဘဂျမ်းသည် တိုင်းကျိုးပြည်ပြုနိုင်ငံရေး ကာတွန်းများကို မည်သူ့မျက်နှာမှ မထောက်ဘဲ ရဲရဲဝံ့ဝံ့ရေးခဲ့ရုံမျှမကဘဲ ကြော်ငြာကာတွန်းတစ်ခု
ကိုလည်း ဆွဲခဲ့ပါသေးသည်။ လွန်ခဲ့သော အနှစ်သုံးဆယ်လောက်က ထင်ရှားခဲ့သည့် “အောင်ဆုပန်” ထီဆိုင်ကို ရေးပေးသည့် ကြော်ငြာပဲဖြစ်
ပါသည်။
ပုံတွင် လူငယ်တစ်ယောက် က ဧည့်ခန်းထဲက ကုလားထိုင်မှာ ထိုင်နေပါသည်။ သူ့အကျအိတ်ထဲမှာက ထီလက်မှတ်ကလေးတွေကို တွေ့နေရသည်။ မိန်းမပျိုကလေးက မိမိ၏ချစ်သူအား ဧည့်ခံရန် အစားအသောက် လင်ပန်းကလေးနှင့် ထွက်လာလို့။ အဖေနှင့် အမေက စကားတိုးတိုးပြောနေကြသည့် ပုံ။ အဖေက အမေ့ကို ပြောနေသည့်စကားက ကောင်ကလေးကို သာမန်အဆင့်နိမ့် ၀န်ထမ်းကလေးဟုဆိုကာ သမီးနှင့်
သဘောမတူကြောင်း အပြတ်မပြောလိုက်ဖို့။ ကောင်ကလေး၏ အိတ်ထဲတွင် အောင်ဆုပန်က ထိုးလာသည့် ထီလက်မှတ်တွေ တွေ့မိလို့ စသည့် စကားများပဲ ဖြစ်ပါသည်။ အလွန်လူကြိုက်များသည့် ကာတွန်းကလေးဖြစ်ပြီး အောင်ဆုပန်ထီဆိုင်သည် ထီအလွန်ပေါက်တတ်သည်ဆိုသည့် အာဘော်ကိုလည်း မည်သည့်လူတစ်ယောက်ယောက်လုပ်ငန်းတစ်ခုခုကိုမှ မထိခိုက်မစော်ကားမိစေဘဲ ရောက်ရှိသွားစေသည့်ကြော်ငြာကာတွန်း
ကလေးပင် ဖြစ်ပါသည်။
သို့ဖြင့် ထိုကာတွန်းလူကြိုက်များသွားလေသောအခါ အခြားအခြားသော ထီလုပ်ငန်းရှင်များကလည်း ဆရာကြီးဦးဘဂျမ်းကို ကြော်ငြာကာတွန်း
ဆွဲပေးဖို့ လာရောက်ကာ အလုပ်အပ်နှံကြပါသည်။ ဆရာကြီးဦးဘဂျမ်းက အံ့သြစရာကောင်းလောက်အောင်ငြင်းဆန်ခဲ့ပါသည်။ ထီဆိုင်တိုင်းကို
ဘဂျမ်းကာတွန်းနှင့် ထောက်ခံကြော်ငြာပေးနေပါက အောင်ဆုပန်ထီဆိုင်
အပေါ် ယုံကြည်မှုလျော့နည်းသွားမှာပေါ့ဟုဆိုကာ ငြင်းဆန်လိုက်ခြင်းဟု
ဆိုပါသည်။ ကာတွန်းဦးဘဂျမ်း၏ ကိုယ်ကျင့်တရားစောင့်ထိန်းပုံတစ်ကွက်ကို ဖျတ်ခနဲ ကျွန်တော်မြင်လိုက်ရပါသည်။
ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးစင်ဒီကရော့ဖို့ဒ် (Cindy Crawford) ကလည်း သည်အတိုင်းပဲဖြစ်ပါသည်။ သူက အိုမီဂါ ( OMEGA) နာရီကြော်ငြာ
အတွက် မော်ဒယ်လုပ်ပေးခဲ့သူဖြစ်ပါသည်။ အောင်မြင်သည့် နာရီကြော်ငြာဖြစ်လေရာ အခြားအခြားသော နာရီကုမ္ပဏီများကလည်း စင်ဒီကရော့ဖို့ဒ်ကို ကြော်ငြာကိစ္စ လာရောက်ကမ်းလှမ်းကြပါသည်။ သို့သော် သူက ငြင်းပါသည်။ အိုမီဂါနာရီအပေါ် စားသုံးသူတို့၏ ယုံကြည်မှု မပျက်
ပြားစေချင်သောကြောင့်ဟု ဆိုပါ၏။ ကာတွန်းဦးဘဂျမ်းနှယ် ကိုယ်ကြော်ငြာပေးသည့် လုပ်ငန်းအပေါ်၌ စောင့်ထိန်းပုံဖြစ်ပါသည်။
ဒါဆို ပုဆိုးမှန်သမျှ၊ ထဘီမှန်သမျှ၊ ဖယောင်းတိုင်မှန်သမျှ၊ ဆပ်ပြာမှန်သမျှ၊ ကော်ဖီမစ်မှန်သမျှ၊ အိမ်သုံးဆေးမှန်သမျှ၊ ဒါအကောင်းဆုံးပါ။ဒါအကောင်းဆုံးပါဟု မော်ဒယ်လ်တစ်ယောက်တည်းက
ကြော်ငြာပေးနေခြင်းများမှာ ကြည့်လို့ကောင်းရုံမှ တစ်ပါးထိုသက်ဆိုင်ရာ ကုန်ပစ္စည်းအပေါ်၌ ယုံကြည်မှုလျော့ပါးခြင်းရှိ မရှိ တွေးကြည့်ရုံနှင့် သိသာနိုင်ပါသည်။
(သုံး)
ကွယ်လွန်သူစာရေးဆရာကြီး ပါရဂူငယ်ငယ်က မအောင်မြင်သော မဂ္ဂဇင်းတစ်စောင်ကိုထုတ်ဝေရာ၌ ပါဝင်ခဲ့ဖူးပါသည်။ တစ်လ၊ နှစ်လနှင့်
ရပ်ဆိုင်းသွားသော မဂ္ဂဇင်းဖြစ်ပါ၏။ မဂ္ဂဇင်းနာမည်မှာ သာမာဝတီလား ဘာလား ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ပါ။ ထား။ ကျွန်တော်
ယခုပြောလိုသည့်ကိစ္စ၌ မဂ္ဂဇင်း နာမည်ကလည်း အဓိကမကျလှပါ။
ဆရာပါရဂူတို့ ထိုမဂ္ဂဇင်းကို သတင်းစာ၌ ကြော်ငြာထည့်ကြလေသောအခါ ကျွဲအုပ်၊ နွားအုပ် ကြီးကို ဓာတ်ပုံရိုက်၍ ထည့်ကာ သာမာဝတီ
မဂ္ဂဇင်းကို တို့မဖတ်ဆိုသည့် စာသားထည့်သွင်းလျက် ကြော်ငြာခဲ့ကြသည်ဟု ဆိုပါ၏။ ကြော်ငြာကို ဖတ်မိသူများက ထို မဂ္ဂဇင်းကို ရွံသွားကြ
ချဉ်သွားကြကြောင်း ဆရာပါရဂူကိုယ်တိုင် သုံးသပ်ဝေဖန်ချက်ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါသည်။ မိမိတို့၏ မဂ္ဂဇင်းမဖတ်သူများအား ကျွဲ၊ နွား
တိရစ္ဆာန်တွေဟု စော်ကားသလို ဖြစ်သွားခဲ့ရကြောင်းလည်း ဆရာက ဖွင့်ဟခဲ့ဖူးပါသည်။ ထို့ကြောင့် လည်းကျရှုံးခဲ့ပုံရပါ၏။
ယနေ့ အချို့ကြော်ငြာများ၌ သည်ကော်ဖီမျိုးကို သောက်ဖူးလို့လားဟူသည့်လေသံမျိုး။ လူ့အဆင့်အတန်းရှိသူတွေမှ သည်ဆန်မျိုးကို စားကြတာဟူ သည့် လေသံမျိုးဖြင့် ကြော်ငြာနေကြခြင်းများသည် မိမိ၏ ပစ္စည်းကို ယခုမသုံးဖြစ်သေးသူ(သို့မဟုတ်) မသုံးနိုင်သေးသူများကို နောင်
တစ်ချိန်ချိန်၌ မိမိထံသို့ ရောက်ရှိလာစေရန် ဆွဲဆောင်ရာမရောက်ဘဲ မိမိကို ရွံ့သွား၊ မုန်းသွား၊ ချဉ်သွားအောင် စော်ကားနေသည်နှင့် တူရာ
စဉ်းစားသင့်ကြသည်ဟု ယူဆပါ၏။
(လေး)
နည်းပညာအရ တစ်ဆင့်နိမ့်သော ကုန်ပစ္စည်းများအပေါ်ရှုတ်ချပြစ်တင်ခြင်းမျိုးဖြင့်လည်း မိမိပစ္စည်းကို မိမိမကြော်ငြာသင့်ဟု ထင်ပါသည်။
ဆိုကြပါစို့။ မိမိက ဆပ်ပြာအရည်တစ်မျိုးကို ထုတ်လုပ်လိုက်သည်။ ဤတွင် ကြော်ငြာအကျိုးဆောင်က ဆပ်ပြာရည်၏ ကောင်းကွက်၊ အားသာ
ကွက်များကို ဖော်ထုတ်ကာသာ ထိုဆပ်ပြာရည်ကို ကြော်ငြာသင့်ပါသည်။ သို့မဟုတ်ဘဲ ဆပ်ပြာတုံးတွေက အလကား၊ ဆပ်ပြာမှုန့်တွေက
အလကား စသည် စသည်ဖြင့် ကြော်ငြာနေခဲ့လျှင် နည်းပညာအနိမ့်က လုပ်ငန်းငယ်များကို ထိုးနှက်တိုက်ဖျက်ပစ်ရာ ရောက်သွားနိုင်ပါသည်။
ကားဖြင့် ခရီးသွားတာကောင်းကြောင်း ကြော်ငြာနိုင်ပါ၏။ သို့သော် အနှေးယာဉ်လုပ်ငန်းကို မထိုးနှက်စကောင်း။ ခရီးဆောင်လက်ဆွဲသေတ္တာ
ကောင်းကြောင်း ကြော်ငြာနိုင်ပါ၏။ သို့သော် သင်ဖြူးဖျာ လုပ်ငန်းကို မထိုးနှက်စကောင်း။
(ငါး)
ဈေးကွက်နှင့်အတူ လုပ်ငန်းရှင်များ ပေါ်ပေါက်လာရာ မိမိတို့လုပ်ငန်းလူသိဖို့ အောင်မြင်ဖို့ ကြော်ငြာဖြင့် ကြိုးပမ်းကြရသည်မှာ ဓမ္မတာဖြစ်ပါသည်။ ထိုအခါ ကြော်ငြာဖန်တီးသူများ၌ ဉာဏ်ခံကြီးရန် လိုအပ်ပါသည်။ ဉာဏ်ခံမကြီးသောအခါ ကုန်ပစ္စည်းနှင့် လုပ်ငန်းကိုပါ ထိခိုက်ပြီး အမှိုက်လိုလွှင့်အပစ်ခံရတတ်ပါသည်။ Business ethic ခေါ် စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားဆိုသည်မှာ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ပါ။ မည်သူ့ကိုမှ မထိခိုက်ဘဲ မိမိလုပ်ငန်းအောင်မြင်ရေးပင် ဖြစ်ပါသည်။ ။
From -7DayNewsJournal

No comments:

Post a Comment