Monday, September 17, 2012

စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ကို ရွေးချယ်



စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှုကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ချာထရီယမ်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ရွေးချယ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့ရွေးချယ်ခဲ့ရာတွင် ဥက္ကဌအဖြစ် ဦးခင်မောင်အေး(တရားရုံးချုပ် တရားသူကြီး(ငြိမ်း)ကို ရွေးချယ်ခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ-မြန်မာနိုင်ငံသတင်းစာဆရာ အသင်း)ကို ရွေးချယ် ခဲ့ပါသည်။

အတွင်းရေးမှူး နေရာအတွက် ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်-The Voice Journal)ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ အတွင်းရေးမှူးနေရာအတွက် ဦးကျော်မင်းဆွေကို Eleven Media Group မှ အမည် စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။  မူလက အတွင်းရေးမှူး နေရာအတွက် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)ကို အခြားသူများက အမည်စာရင်း တင်သွင်းခဲ့သော်လည်း Eleven Media Group မှ ကန့်ကွက်ခဲ့ ပါသည်။ ထို့နောက် တွဲဖက် အတွင်းရေးမှူးနေရာအတွက် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) က မိမိကိုယ်ကို အမည်စာရင်း တင်သွင်း ခဲ့သော်လည်း  တွဲဖက် အတွင်းရေးမှူးအဖြစ် ဒေါ်နန်းကလျာဝင်း(Popular Journal) ကိုသာ ရွေးချယ်ခဲ့ပါသည်။ ကျန်ရှိသူများ အားလုံးကိုမူ အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခဲ့ကြပါသည်။
စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှုတွင် ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး နေရာများ အတွက် ငြင်းပယ်သူ အများအပြား ရှိခဲ့ပြီး ဒေါက်တာဖေမြင့်၊ ဦးကိုကိုကြီး အစရှိသူတို့ကို တင်သွင်းခဲ့သော်လည်း ကာယကံရှင်များမှ ငြင်းဆိုခဲ့ကြသည်။
ယခုဖွဲ့စည်းလိုက်သော စာနယ်ဇင်းကောင်စီသည် ယာယီကောင်စီသာ ဖြစ်ပြီး စာနယ်ဇင်းသမား အားလုံးအတွက် စာနယ်ဇင်းဥပဒေ မထွက်ခင် ယာယီလုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်း ဆွေက ပြောပါသည်။
ယခုကောင်စီသည် လွတ်လပ်သောအဖွဲ့အစည်း ဖြစ်ကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ၀န်ကြီးဌာနကို တင်ပြ စရာ မလိုကြောင်း၊ စာနယ်ဇင်းနှင့် အစိုးရ၊ ပြည်သူ၊ စာနယ်ဇင်း အချင်းချင်း အငြင်းပွားမှုများကို ညှိနှိုင်းပေးနိုင်ရန် ဖွဲ့စည်း ခြင်းသာဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)က ပြောပါသည်။
စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှု အခမ်းအနားသို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
 မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်များ

၁။ ဥက္ကဌ- ဦးခင်မောင်အေး (တရားရုံးချုပ် တရားသူကြီး(ငြိမ်း))
၂။ ဒုတိယ ဥက္ကဌ- ဦးစိုးသိမ်း (မောင်ဝံသ၊ ဥက္ကဋ္ဌ၊ - မြန်မာနိုင်ငံသတင်းစာဆရာအသင်း)
၃။ အတွင်းရေးမှူး - ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်-The Voice Journal)
၎။ အထွေထွေအတွင်းရေးမှူး - ဒေါ်နန်းကလျာဝင်း (Popular Journal)
၅။ ဒေါက်တာအောင်ထွန်းသက် (ကျောင်းအုပ်ကြီး United Nation System Staff College(ငြိမ်း))၊
၆။ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)
၇။ ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)
ဂ။ ဦးမော်သန်း (စီးပွားရေးပညာရှင်)
၉။ ဒေါက်တာမျိုးသန့်တင်
၁၀။ ဒေါက်တာကျော်ဇောနိုင်
၁၁။ ဦးကိုကိုကြီး(၈၈ မျိုးဆက်ကျောင်းသားအဖွဲ့)
၁၂။ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်-မြန်မာနိုင်ငံ စာရေးဆရာအသင်း)
၁၃။ ဒေါ်ချိုချိုတင် (မစန္ဒာ-မြန်မာနိုင်ငံ စာရေးဆရာအသင်း)
၁၄။ ဦးခင်မောင်လေး(ဖိုးသောကြာ- မြန်မာနိုင်ငံ သတင်းစာဆရာအသင်း)
၁၅။ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း)
၁၆။ ဦးအောင်လှထွန်း(မြန်မာနိုင်ငံ သတင်းစာဆရာအသင်း)
၁၇။ ဦးသီဟစော(မြန်မာနိုင်ငံ သတင်းစာဆရာအသင်း)
၁၈။ ဦး ဇော်သက်ထွေး(မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ)
၁၉။ ဦးချစ်ဝင်းမောင်(မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ)
၂၀။ ဒေါက်တာသိန်းမြင့်(မန်းနေးဂျင်းဒါ ရိုက်တာ Eleven Media Group)
၂၁။ ဦးသောင်းစုငြိမ်း( အမှုဆောင်အရာရှိချုပ်၊ 7 Day Journal)
၂၂။ ဦးကိုကိုကြီး(ဟန်ဂေရီကိုကိုကြီး)
၂၃။ ဒေါက်တာဖေမြင့်(အယ်ဒီတာချုပ်-ပြည်သူ့ခေတ်ဂျာနယ်)
၂၄။ ဦးမြင့်ကျော်(Yangon Press International ၊ မြန်မာဂျာနယ်လစ်ကွန်ယက်)
၂၅။ ဒေါ်တင်ဇာဇော် (Popular News Journal ၊ မြန်မာဂျာနယ်လစ်ကွန်ယက်)
၂၆။ ဒေါက်တာတင်ထွန်းဦး (မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း)
၂၇။ ဒေါက်တာသာထွန်းဦး (မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း)
၂၈။  ဦးရဲမင်းဦး(Sky Net)
၂၉။ ဦးခင်မောင်ဌေး (Family Entertainment)
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ လုပ်ငန်းတာဝန်များ
၁။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရန်။
(ခ) စာနယ်ဇင်းနယ်ပယ် ဖွံ့ဖြိုးရေးကိစ္စများအတွက် လွတ်လပ်စွာ ဆောင်ရွက်ရန်။
(ဂ) ပြည်သူလူထု၊ နိုင်ငံတော် အစိုးရနှင့် စာနယ်ဇင်းတို့အကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးရန်။
(ဃ)စာနယ်ဇင်း ကျင့်ဝတ်များကို ရေးသားပြုစုရန် ။
(င) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulations & Procedure of the Press Council) ကို ရေးဆွဲပြဌာန်းရန်။
(စ) စာနယ်ဇင်း ဥပဒေကြမ်း ရေးဆွဲရာတွင် အဓိက ပါဝင်ဆောင်ရွက်ရန်။
(ဆ) စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းဆောင်ရွန်ရန်။
(ဇ) စာနယ်ဇင်း နယ်ပယ်မှ ပုဂ္ဂိုလ်များအတွင်း၌ ဖြစ်စေ၊ စာနယ်ဇင်း နယ်ပယ်နှင့် ပြင်ပ ပုဂ္ဂိုလ်အဖွဲ့အစည်းများ အကြား၌ ဖြစ်စေ ပေါ်ပေါက်သည့် အငြင်းပွားမှုနှင့် တိုင်ကြားမှုများအပေါ် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တို့နှင့် အညီ ဖြေရှင်း ဆောင်ရွက်ပေးရန်။
(ဈ) စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန် ဆိုင်ရာ ကိစ္စရပ်များအတွက် အဖွဲ့အစည်းအသီးသီးနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန်။
(ည) စာနယ်ဇင်း ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုများနှင့် ပြဿနာများကို ညှိနှိုင်းဖြေရှင်း ပေးရန်။
(ဋ) စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာများ စောင့်ထိန်း လိုက်နာရေးအတွက် တိုက်တွန်းနှိုးဆော်ပေးရန်။
(ဌ) စာနယ်ဇင်း အဆင့်အတန်းမြှင့်တင်ရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်။
(ဍ) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရန်။
(ပ) စာနယ်ဇင်းကောင်စီ၏ ဆောင်ရွက်ချက်များကို အခါအားလျော်စွာ သတင်းထုတ်ပြန်ရန်။
(ဏ)မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)သည် အထက်ပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်။
၂။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် စာနယ်ဇင်း ဥပဒေ(မူကြမ်း) ကို လွှတ်တော်က အတည်ပြု ပြဌာန်း ပြီးနောက် ယင်းဥပဒေနှင့် အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီထံ တာဝန်လွှဲပြောင်းပြီးသည် အထိ တာဝန်ထမ်းဆောင်ရမည်။
From -ElevenMediaGroup

No comments:

Post a Comment