Thursday, September 13, 2012

ပုစ္ဆာခက်သော ကချင်ပြည်နယ်ငြိမ်းချမ်းရေး

ပုစ္ဆာခက်သော ကချင်ပြည်နယ်ငြိမ်းချမ်းရေး

တပ်မတော်နှင့် KIA တို့ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၄၄၀ (တစ်နှစ် သုံးလနီးပါး) ကျော်လာပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲ နိုင်ရန် ဆွေးနွေး ညှိနှိုင်း နေသည်မှာ အဆင်မပြေ သေးပေ။




နေရာ အဓိကလား ယုံကြည်မှု အဓိကလား


အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များက အလွတ် သဘော လေးကြိမ်တွေ့ဆုံ စတင် ဆွေးနွေးမှု အပြီး ဗန်းမော်တွင် တွေ့ဆုံ ဆွေးနွေး ကြရန် ကမ်းလှမ်းသော်လည်း ကေအိုင်အေမှ ငြင်းပယ်ပြီး ၎င်းတို့၏ ထိန်းချုပ် နယ်မြေဖြစ်သော ပရန်ငေါန် ၌ တွေ့ဆုံရန် ကမ်းလှမ်း ခဲ့သည်။
အကြောင်းပြချက်မှာ ရှေ့တန်း စစ်မျက်နှာတွင် တိုက်ပွဲ ဖြစ်နေသည့် အတွက် ဖြစ်ကြောင်း စာဖြင့် အကြောင်းပြန်သည်။ကေအိုင်အေ၏ ကမ်းလှမ်းချက် ကိုလည်း တပ်မတော်က ငြင်း ပယ်ခဲ့ပြီး မူဆယ်မြို့တွင် တွေ့ဆုံရန် ပြန်လည် ကမ်းလှမ်းခဲ့ပြန်သည်။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အနေနှင့် ကေအိုင်အေ နယ်မြေသို့ လာ ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်သည်။

ကေအိုင်အေ အနေနှင့်လည်း မူဆယ်တွင် တွေ့ဆုံရန်မှာ မဖြစ်နိုင် ကြောင်း ယခင် ဆွေးနွေးပွဲ ညှိနှိုင်း မရခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံရန် ပြန်လည် ကမ်းလှမ်း ခဲ့ပြန်သည်။တပ်မတော်မှ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ကေအိုင်အေမှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ အပစ် အခတ် ရပ်စဲရေး အတွက်ဆွေးနွေးရန် တွေ့ဆုံ ညှိနှိုင်းမည့် နေရာအတွက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့က အကြိမ်ကြိမ် ဆွေးနွေး ပေးနေခြင်း ဖြစ်သည်။
“ညှိနှိုင်းတာ အဆင်မပြေဘူး ဖြစ်နေတယ်။ အဓိက ကတော့ ရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲတွေ မရပ်နိုင် သေးလို့ပဲ”ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးခွန်အောင်က ဆိုသည်။
ထိုသို့သော နှောင့်နှေးမှုများမှာ အပစ်အခတ် ရပ်စဲရန် ပြန်လည် ဆွေးနွေးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့ထိ တိုက်ပွဲ ပေါင်း ၁၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆုံတွေ့ တိုက်ပွဲ ၁၄၆ ကြိမ်၊ အစိုးရ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ ခြင်းကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီသို့ ကေအိုင်အေဘက်မှ အကြောင်းပြန် ထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
သြဂုတ်လဝက် အတွင်းတွင်လည်း တိုက်ပွဲပေါင်း ၄၇ ပွဲဖြစ် ပွားခဲ့ကြောင်း ကေအိုင်အေက ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲများတွင် တပ်မတော်ဘက်မှ ၁၀၅ မမ အမြောက်များဖြင့် အကြိမ်နှစ်ဆယ် နီးပါး ပစ်ခတ် ခဲ့ကြောင်းလည်း ၎င်းင်းတို့၏ အဆိုအရ သိရသည်။ ၁၀၅ မမ အမြောက်ကျည်သည် တစ်လုံးလျှင် မြန်မာ ကျပ်ငွေ သိန်းလေးဆယ် နီးပါး တန်ဖိုး ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထံမှ စုံစမ်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ ၂၀၁၂ ခုနှစ် မေလထိ တိုက်ပွဲ အကြိမ်ပေါင်းမှာ ၁၄၀၈ ကြိမ် ဖြစ်ပွားခဲ့ပြီး နိုင်ငံတော် သမ္မတကြီးက ထိုးစစ် မဆင်ရန် ညွှန်ကြားခဲ့ပြီး နောက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ပေါင်းမှာ ၈၀၀ ကျော် ရှိခဲ့ကြောင်း ကေအိုင်အေ၏ စာရင်းများ အရ သိရသည်။ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့၏ တိုက်ပွဲကုန်ကျစရိတ်နှင့် နှစ်ဦးနှစ်ဖက်သေဆုံးမှုများကို စာရင်းဇယား မထုတ်ပြန် သော်လည်း အထက်ပါ တိုက်ပွဲ အကြိမ်များနှင့် ကာလရှည် ဆင်နွှဲ နေသည့် အတိုင်းအတာ အတိုင်း တွက်ချက်ပါက စစ်လက်နက် အတွက် ကုန်ကျ စရိတ်မှာ ကိန်းဂဏန်း နည်းမည် မဟုတ်ပေ။
နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော် နှစ်ရပ် စလုံးတွင် ယင်းတိုက်ပွဲများအတွက် စစ်အသုံးစရိတ်များနှင့် ပတ်သက်ပြီး မည်သည့် ကိုယ်စားလှယ်မျှ မေးခွန်းထုတ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲကြရန် အတွက် ခိုင်မာသော ကတိ ကဝတ်နှင့် အာမခံချက်များ နှစ်ဦးနှစ်ဖက် ထားရှိရန် လိုအပ်ကြောင်း ကိုလည်း နိုင်ငံတော် သမ္မတကြီးက ဇွန်လဆန်းပိုင်း၌ ပြောကြားသော မိန့်ခွန်းတွင် မှတ်ချက်ပြု ပြောဆိုထားသည်။
ထိုမိန့်ခွန်းတွင် အစိုးရ တပ်မတော်က တပ်များ အပစ်အခတ် ရပ်ရန် အဆင့်ဆင့် ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် တပ်မတော်တွင် အမိန့်နှင့် ညွှန်ကြားချက်သည် အသက် သွေးကြောဟုလည်း ထည့်သွင်း ပြောဆို ခဲ့သည်။
ယင်းနောက်ပိုင်း နှစ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၁၆၁ ကြိမ်တွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ပွဲသည် ၁၅ ကြိမ် ပါဝင်နေကြောင်း ကေအိုင်အေ ထုတ်ပြန်သော တိုက်ပွဲ စာရင်း ဇယားများအရ သိရသည်။ နိုင်ငံတော် သမ္မတကြီးက “ကျွန်တော် ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့ ကလွဲရင် ထိုးစစ်ဆင်တာတွေ မလုပ်ဖို့ ညွှန်ကြား ထားပြီးတဲ့ အနေအထားမှာ တိုက်ပွဲတွေ ဘာဖြစ်လို့ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်သေးလဲ ဆိုတာ မေးခွန်း ဖြစ်နေတယ်” ဟု မိန့်ခွန်း တွင် ထည့်သွင်း ပြောဆိုခဲ့သည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၅ ခုနှစ် မတိုင်မီ တွင် တိုင်းရင်းသားများနှင့် နိုင်ငံရေးအရ ဆွေးနွေးပြီး အဖြေတစ်ခု ရရှိရန် ယုံကြည်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည် ကို အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးတင်မောင်သန်းက ပြောကြားသည်။
ကေအိုင်အေမှ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က “အဓိကက တပ်မတော်က တပ်တွေ ဆုတ်လိုက်ရင် ပြီးဆုံးသွားမယ့် ကိစ္စပါ။ ခုက ထိုးစစ် မဆင်ဘူးလို့ ညွှန်ကြား ထားပါတယ် ပြောပြီး ထိုးစစ် ဆင်နေတာ ကတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေးတာနဲ့ တူနေတယ်” ဟု ပြောဆိုသည်။
တိုက်ပွဲ ဖြစ်နေစဉ် ရှစ်လခန့် အကြာတွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေ တို့အကြား အပစ်အခတ် ရပ်စဲရေး အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တရားဝင် စားပွဲဝိုင်း ဆွေးနွေး ခဲ့သည်။ သို့သော် ယင်းဆွေးနွေးပွဲမှာ မအောင်မြင်ခဲ့ပေ။
ကချင်အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု သမိုင်း အစဉ်အလာ တွင်လည်း လွယ်လင့်တကူ ဆွေးနွေးမှု မရခဲ့သည် ကိုတွေ့ ရသည်။
၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒူဝါဇော်ဆိုင်းက တာဝန်ယူသည့် (ကေအိုင် အို)သည် ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ နှစ်ကြိမ်တိုင် တက်ရောက် ခဲ့ပြီး သဘောတူညီမှု မရ ခဲ့သဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ယင်းနောက် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့် ကေအိုင်အို ခေါင်းဆောင်များ ငါးကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီ ခဲ့သည်။အပစ်အခတ် ရပ်စဲစဉ် ကာလတွင် နှစ်ဦးနှစ်ဖက်သည် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးမှု ပိုင်းတွင် အားနည်းခဲ့ပြီး အကျိုးစီးပွား ဘက်ကို ဦးတည် လုပ်ဆောင်ခဲ့သည်ဟု လည်း မြန်မာ့ အရေး အကဲခတ်များက သုံးသပ်ကြသည်။
ကချင်ပြည်နယ်တွင် ဆယ်စုနှစ် အတွင်း မြင့်မားနေသော သစ်တော ပြုန်းတီးမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ လာခြင်း၊ လိုင်စင်မဲ့ ကားများနှင့် မော်တော်ဆိုင်ကယ်များ အခွန်မဲ့ အသုံးအဆောင်များ ဒလဟော စီးဝင်မှုများက ကေအိုင်အေ နယ်မြေ အတွင်းမှ အစိုးရ နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်နေခြင်း တို့သည် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားများ ဖြစ်နေကြောင်းကို အထက်ပါအတိုင်း ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နှင့် ၉ ရက်တွင် ဗန်းမော် ခရိုင်အတွင်း တရုတ်နိုင်ငံမှ လာရောက် တည်ဆောက်ထားသော တာပိန် ရေအား လျှပ်စစ်ကို အကြောင်းပြုကာ တပ်မတော် အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အတွက် ၁၇ နှစ်ကြာ ထိန်းသိမ်းလာသော အပစ်အခတ် ရပ်စဲရေးမှာ ကျိုးပျက် သွားခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် နောက်ဆက်တွဲ ဝေဒနာကို ဒေသခံ ပြည်သူ လူထုတို့က ခံစားရသည်။

ဘယ်အချိန်ထိ ဒုက္ခခံရမလဲ


ကချင်ပြည်နယ်တွင်း ဒုက္ခသည် စခန်း ၁၀၉ ခု ရှိပြီး ဇွန်လ ၁ ရက်နေ့ထိ NGO အဖွဲ့ စာရင်း ကောက်ယူခြင်းကို ကိုးကား၍ RANIR Coordination က ထုတ်ပြန်သော စာရင်းအရတွင် ဒုက္ခသည် ၆၆၂၅၁ ဦးရှိနေသည်။
ဗန်းမော်မြို့မှ ယင်းဒုက္ခသည်များကို ကူညီ စောင့်ရှောက်ပေးနေ သည့် ကစ်သလစ် ဘုန်းတော်ကြီး ဖာသာအောင်ဒမ်က “ကလေးငယ် တွေနဲ့ မိခင်တွေအတွက် အာဟာရ ပြည့်ဝဖို့အတွက် အရမ်း လိုအပ်နေ ပါတယ်”ဟုဆိုသည်။
ယင်းဒုက္ခသည် စခန်းများတွင် ကျန်းမာရေး အတွက် ဆေးများ အရေးပေါ် လိုအပ် နေသည့်အပြင် ဆေးကုသ ပေးနိုင်သည့် ဆရာဝန် များလည်း လိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။
မိုင်ဂျာယန်မြို့ရှိ Nhkawng Pa Dabang ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည့် စေတနာ့ ဝန်ထမ်း တစ်ဦးကမူ “အစားအသောက် အတွက် ဆားနဲ့ ကျန်းမာရေး အတွက် ဆေးဝါး ကတော့ အရမ်းလိုနေ ပါတယ်။ ပညာရေးမှာလည်း လိုအပ်ချက်တွေ ရှိနေတုန်းပဲ” ဟုဆိုသည်။
လက်ရှိ ဒုက္ခသည် စခန်းတွင် ပညာရေးအတွက် ယင်းစခန်းများ တွင်ပင် သင်ကြား ပေးနေသော်လည်း သင်ထောက်ကူ ပစ္စည်း မလုံ လောက်ခြင်းကို ကြုံတွေ့ နေရဆဲဖြစ်သည်။ စိတ်ဒဏ်ရာ ရနေသည့် ၎င်းကလေးများ၏ ရှေ့ရေးအတွက် စဉ်းစားရာတွင် ကျောင်းပညာရေး သာမက ကျောင်းပြင်ပ ပညာရေးကိုပါ သင်ကြား ပေးရတော့မည်ဖြစ် သည်။
ကလေးငယ်များသည် ယုံကြည်မှု ကင်းမဲ့လာခြင်းနှင့် အကျင့် စာရိတ္တ ပိုင်း ဆိုင်ရာအားနည်းခြင်းတို့ကို ခံစားရသည့် စိတ်ဒဏ်ရာများက တွန်းအား ပေးလာကြောင်း ဖာသာအောင်ဒမ်က ၎င်း၏ အမြင်ကိုပြော ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ် နယ်နိမိတ် အပိုင်းအတွင်း နန့်တောင်း ခရိုင်အတွင်းရှိ ဒုက္ခသည်များကို ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်း သို့ ခေါ်ဆောင် လိုက်ရာတွင် ကလေးငယ်များနှင့် အမျိုးသမီးများ ပစ္စည်းများ ပြောင်းရွှေ့ နေရသည့် အခက်အခဲ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။
သို့သော် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သည့် အစိုးရ ထိန်းချုပ် နယ်မြေ အတွင်းရှိ ကျေးရွာများကိုမူ ဒုက္ခသည်အဖြစ် တိမ်းရှောင် ထွက် ပြေးသူများ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း ဝိုင်းမော်မြို့မှ အသက် ၂၈ နှစ် အရွယ် စေတနာ့ ဝန်ထမ်းတစ်ဦး၏ အဆိုအရ သိရသည်။ ဗန်းမော်မြို့နယ်ရှိ ကချင် စစ်ဘေး ဒုက္ခသည် အမျိုးသမီး တစ်ဦး ကမူ ရန်ကုန်မြို့တွင် ကျင်းပသည့် ကချင်ပြည်နယ်တွင်း တိုက်ပွဲ တစ် နှစ်ပြည့်နေ့တွင် အောက်ပါအတိုင်း ပြောဆိုသည်။

“ကျွန်မတို့ ပြေးနေရတာ တစ်နှစ် ပြည့်ပြီ။ ဘယ်အချိန်ထိ ပြေးနေ ရဦးမှာလဲ”


လက်ရှိတွင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု များ ဖြစ်နိုင်ခြေ အပြုသဘော ဆောင်သည့် လက္ခဏာများ ရရှိထားပြီး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိပါက နေရပ်စွန့်ခွာသည့် ဒုက္ခသည်များ အတွက် နေရပ်ပြန်နိုင်ရေး ရောင်နီပင် ဖြစ်သည်။ ကချင်အရေး ဆွေးနွေး မှုသည် အချိန်မည်မျှ ကြာမည်နည်းဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ လက်ရှိ အနေအထား အရမူ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်တပ်များ ဆုတ်ခွာခြင်း မရှိသေးပေ။

နှစ်ဖက်တပ်တွေ အရဲစွန့် ဆုတ်ခွာဖို့ အဓိက


ငြိမ်းချမ်းရေး အကျိုးဆောင် ဦးတင်မောင်သန်းကမူ တိုင်းရင်းသား များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေးနှင့် ပတ်သက်၍ “အဲတော့ ဘယ်လောက် ကြာမလဲ မေးရင် ကျွန်တော် အဲဒီ မေးခွန်းဖြေရရင် တိုင်းရင်းသား အဖွဲ့ အစည်း တွေပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ယူသလောက် ကြာပါမယ်။ ဒါပေမဲ့တော့ ဘာလဲဆိုတော့၊ နောက်ဆုံး အဆင့်တစ်ခု အနေနဲ့ကတော့ ၂၀၁၅ ဒီအစိုးရ သက်တမ်း မကုန်ခင်မှာ အဖြေတစ်ခု ထုတ်ဖို့တော့ လိုတယ် ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ အချက်တစ်ခု ဖြစ်ပါ တယ်” ဟု လွတ်လပ်သော အာရှအသံ (RFA) နှင့် တွေ့ဆုံ မေးမြန်း ရာတွင် ပြောကြား ခဲ့သည်။
နိုင်ငံတော် အစိုးရ အဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း စဉ်တွင် အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်တွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး အပါအဝင် အခြား အချက်အလက်များကို သဘောတူ လက်မှတ် ထိုးရန်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပြည်ထောင်စု အဆင့်ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ အဖြစ် တစုတပေါင်းတည်း ရပ်တည်ရေး ညှိနှိုင်း ဆောင်ရွက်ရန် အပါအ၀င် အခြားသော အရေးကြီးသည့် လုပ်ငန်းစဉ် များအတွက် ညှိနှိုင်း ဆောင်ရွက်ရေးဖြစ်သည်။
နောက်ဆုံး တတိယအဆင့်တွင် အစိုးရအဖွဲ့၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပါတီ ခေါင်းဆောင်များ၊ လွှတ်တော် အမတ်များနှင့် Political Player များအားလုံး လွှတ်တော် အတွင်းတွင် သဘောတူ လက်မှတ် ရေးထိုးပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန်တို့ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် အတွက် နိုင်ငံတကာ အတွေ့အကြုံ ရှိသော ပညာရှင်များ ပါဝင်သည့် ငြိမ်းချမ်းရေး စင်တာ တို့ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။
သို့သော် ငြိမ်းချမ်းရေး စင်တာ၏ လုပ်ငန်းစဉ်သည် အခြား တိုင်းရင်းသား အရေးတွင် သက်ဝင် လှုပ်ရှားနေပြီဖြစ်ပြီး ကချင်အရေး တွင်မူ အပစ်အခတ် ရပ်စဲရေး အတွက်သာ အဖြေ စောင့်နေကြသည်။ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်၏ တိုက်ပွဲသည် နှစ်ပေါင်း ၅၀ ကျော် နိုင်ငံကို အုပ်ချုပ်လာသည့် တပ် မတော်ဟူသော ဂုဏ်သိက္ခာနှင့် လက်ရှိ ဒီမိုကရေစီ ပြောင်းလဲနေသည့် ကာလတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးပါနေသေးသည်ကို သက်သေပြနိုင်ရန်အတွက် အစိုးရတပ်များ မဆုတ်ခွာချင်ဖြစ်နေ သလောဟု မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး လေ့လာ သုံးသပ်သူ တို့က မေးခွန်း ထုတ်ကြသည်။
အလားတူ ကချင် လွတ်လပ်ရေး တပ်မတော်သည်လည်း မြန်မာ့ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးမှ ပုံအောထားသောတရုတ်နိုင်ငံ ၏ နယ်နိမိတ်နှင့် ကေအိုင်အေ ဌာနချုပ် နယ်မြေမှာ ရေမြောင်း တစ်ခု သာခြားနားခြင်း၊ လက်နက်ကိုင် တိုင်းရင်းသား မဟာမိတ်များ ရှိနေ ခြင်း၊ နိုင်ငံအသိုင်းအ၀ိုင်းမှ တိုင်းရင်းသား လူမျိုးများအပေါ် လူသား ချင်း စာနာ ထောက်ထားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု စံနှုန်းများဖြင့် လေ့လာ စောင့်ကြည့်နေခြင်းစသော အားသာချက်တို့ကြောင့် စစ်ရေး ဗျူဟာဖြင့် ထွေခင်း ကစားနေသလောဟုလည်း ၎င်းတို့က မေးခွန်းထုတ် ကြသည်။
နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှု ပျောက်ဆုံးနေပြီး ဆွေးနွေးလို စိတ်မရှိခြင်းက ငြိမ်းချမ်းရေးအတွက် အကြီးအကျယ် အဟန့်အတား ဖြစ်နေကြောင်း မြန်မာ့ နိုင်ငံအရေးများကို သုံးသပ် လေ့လာ ရေးသား နေသူ ဦးနေသန့်မောင်က မှတ်ချက်ပေးသည်။
တပ်မတော်နှင့် ကေအိုင်အေတို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ရန်အတွက် နေရာ ရွေးချယ်နေသည်မှာ လေးကြိမ်တိုင် ရှိပြီဖြစ်သော် လည်း အဆင်မပြေ သေးသည်ကိုလည်း ၎င်းက ထောက်ပြ ပြောဆို ခဲ့သည့်အပြင် တိုက်ပွဲ ဖြစ်ပွားနေစဉ်တွင် အပစ်အခတ် ရပ်စဲရေး လက် မှတ် ရေးထိုးနိုင်ခဲ့သည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှာ နေရာဒေသကို အစွဲပြု ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ ဆွေး နွေး ညှိနှိုင်းလိုစိတ် ရှိခြင်းကြောင့် သဘောတူညီ နိုင်ခဲ့ကြသည်ကို ထောက်ပြကာ ၎င်းက အထက်ပါအတိုင်း သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။
သို့သော် နှစ် ၅၀ကျော်ကြာ ယုံကြည်မှု ခက်ခဲခဲ့သည့် လက်နက် ကိုင် တပ်မတော် နှစ်ခု တွေ့ဆုံ ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှု ရရှိ ရန် လုပ်ဆောင်ရသည်မှာ ထိလွယ်ရှလွယ်သည့် ကိစ္စဖြစ်သည်။ ထိုအတွက် ဒီမိုကရေစီသို့ အသွင် ကူးပြောင်းနေသည့် ကာလ တွင် နိုင်ငံ၏ ရေရှည်အကျိုးကို ထောက်ရှုပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ကာ ခက်ခဲသည့် ပုစ္ဆာကို အဖြေရှာရမည် သာဖြစ်သည်။ တပ်မတော်နှင့် ကေအိုင်အေတို့သည် နိုင်ငံတော် သမ္မတကြီး ချမှတ်လိုက်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု လမ်းစဉ်၏ ပထမ အဆင့်ဖြစ်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ရရှိမှသာလျှင် နောက်ဆုံးအဆင့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆွေးနွေးနိုင်မည် ဖြစ်သည်။
ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က “ထာဝရ ငြိမ်းချမ်းရေး ဆိုတာ လက်နက် အပြီးအပိုင် စွန့်လွှတ်ရေး ဖြစ်တယ်။ ဒါကို ကျုပ်တို့ ကေအိုင်အိုက လက်ခံကြမလား။ ပင်လုံကို ဖျောက်ဖျက် မယ်ဆိုရင် ပြည်ထောင်စုကို ဖျောက်ဖျက်တာပဲ” ဟု ဇွန်လ ၂၉ ရက် တွင် လိုင်ဇာမြို့၌ ပြောကြားခဲ့ခြင်းကို ကိုးကားကာ ကချင် သတင်းဌာန (KNG) က ဖော်ပြထားသည်။
ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ ကမူ အောက်ပါ အတိုင်း မှတ်ချက်ပေးသည်။
“တပ်တွေကို အရဲစွန့်ပြီး နှစ်ဖက် ရုပ်သိမ်းပေးဖို့ လိုတယ်။ ဒါပေမဲ့ တပ်တွေ ရုပ်ပေးဖို့ ဖြစ်မလာဘူး။ စစ်ပွဲတွေ ဖြစ်နေတယ်။ နှစ်ဦးနှစ်ဖက် ယုံကြည်မှု မရှိသေးဘူး။ တည်ငြိမ်မှု ရလာမှ ယုံကြည်မှု တည်ဆောက်လို့ ရမယ်။ ယုံကြည်မှု မရှိရင် စားပွဲဝိုင်းးပေါ် ဆွေးနွေးနိုင်ဦးမှာ မဟုတ်ဘူး
 
 
From -TheVoiceWeekly

No comments:

Post a Comment