Tuesday, September 4, 2012

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း(သီပေါမြို့နယ်) ၏ ထုတ်ဖော် ပြောကြားချက်များ

မိတ်တွေတစ်ဦးက ပေးပို့လာသည့် ဦးရဲထွန်း၏ Facebook စာမျက်နှာ ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း(သီပေါမြို့နယ်) ၏ ထုတ်ဖော် ပြောကြားချက်များကို ယင်း စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။ အဓိကအချက်များကို အောက်ပါအတိုင်း ကောက်နှုတ်တင်ပြလိုက်ရပါသည်-

"၂၇- ၈ - ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျနော့်အနေဖြင့် ဆွေးနွေး ရန် စာရင်းပေးထားသော်လည်း ဆွေးနွေးခွင့်မရခဲ့ပါ။ ထိုနေ့က ဆွေးနွေးဖြစ်လျင် တင်ပြရန်ရည်ရွယ် ထားသော အမြင်တစ်ချို့မှာ အရေး ကြီးပြီး ခုံရုံးအား စွပ်စွဲပစ်တင်ခြင်းနည်းလမ်း ကိုသော်၎င်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ခြင်း နည်းလမ်းကိုသော်၎င်း၊ ရှောင်လွှဲနိုင်မည့် လမ်းကြောင်းကို ညွှန်ပြထားခြင်းများပါဝင်သည်။ ထိုနေ့က ဆွေးနွေးခွင့်မရ သဖြင့် (ဆရာမောင်ဝံသ စကားအရ) ရထားကြီးတိုက်တော့မည့်အရေးကို အလံနီပြခွင့် မရလိုက်သလိုဖြစ်သွားကာ် စိတ်ပျက်လက်ပျက်ဖြစ် သွားမိပါသည်။"

"ကျနော်က နည်းလမ်းနှစ်သွယ်တင်ပြထားပါတယ်။ တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော် ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ရဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်ြး ဖည့်စွက်ရေးသား တဲ့ နည်းလမ်းပေါ့။
နောက်တစ်နည်းကတော့ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို မှားယွင်းဆုံးဖြတ်ခဲ့မှုအတွက် ပစ်တင် စွပ်စွဲကာ တာဝန်မှ ရပ်စဲစေခြင်းအားဖြင့် အဲဒီခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပစ်တဲ့ နည်းလမ်းဖြစ် ကြောင်း တင်ပြပြီး ကျနော်ကတော့ ထိခိုက်နာကျင်မှုနည်းပါးတဲ့ ပထမလမ်းကြောင်းကို သာကြိုက် နှစ် သက်ကြောင်း၊ ဘယ်လမ်းကိုရွေးသင့်တယ်ဆိုတာတော့ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ် ရမှာဖြစ်ကြောင်းပြော ခဲ့တာပါ။"
"ကျနော်တို့လွှတ် တော်များက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကို ရည်ညွှန်းပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းလို့ ရေးသားသုံးနှုံးထားတာ တစ်နေရာမှမတွေ့ရဘူး။ အဲဒါနဲ့ပြောင်းပြန်ဘဲ တည်ဆဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥပဒေစာအုပ်များရဲ့ပုဒ်မ ၁၇ မှာ- လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိ ယ ဥက္ကဋ္ဌများကို ရည်ညွှန်းပြီး- -
၁၇။ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ သည်ပြည်ထောင်စုအဖွဲ့အစည်းတစ်ရပ်ရပ်တွင်တာဝန်ပေး အပ်ခြင်းခံရပါက ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ အဖြစ်မှနှုတ်ထွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။
လို့ ဆိုထားတယ်။ အဲဒီတော့ လွှတ်တော်ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းလို့ ရည်ညွှန်းကြောင်းယူဆရင်လို့ယူဆရင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေဟာ လွှတ် တော် ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့မှာပါဝင်ခွင့်မရှိဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်မနေဘူးလား။"

"မိတ်ဆွေ။ ။ ဒါဆိုရင် ခုံရုံးက ကိုယ့်တာဝန်မဟုတ်တာကို မှားယွင်းထမ်းဆောင်တာဖြစ်ပေမဲ့ သူ့ ထောက်ပြချက်ကတော့ မှန်နေတယ်လို့ဆိုလိုတာပေါ့။
ရဲထွန်း ။ ။ မှန်ပါတယ်ဗျ။ ကျနော်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ကျနော်တို့ လွှတ်တော် များကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းလို့ ရည်ညွှန်း သုံးနှုံးသွားတာ တစ်နေရာမှ မတွေ့ဘူးဗျ။"

"မိတ်ဆွေ။ ။ ဟုတ်ပြီဗျာ။ ခင်ဗျားပြောတာ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ခင်ဗျားပြောသ လိုသာ အားလုံးက သဘောထားကြလုပ်ကိုင်ကြမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်တွေ့ရေးလမ်းကိုရှောင် လွှဲ နိုင်ကြမှာပေါ့။ ခင်ဗျားကလွှတ်တော်ကိုယ်စားလှယ်ပဲ၊ ဒီလမ်းကြောင်းဘာလို့စောစောက မပြောတာလဲ။
ရဲ ထွန်း။ ။မှန်ပါတယ်။ အဲဒီအတွက် ကျနော့်မှာ အပြစ်မကင်းသလိုခံစားနေရတယ်။ ဒါကြောင့်လည်း စိတ်မကောင်းဖြစ်နေတာပါ။ ကျနော့်ကို ခွင့်လွှတ်ပါ။
ရဲထွန်း(သီပေါ)
(ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)"

"ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးလည်းနှုတ်ထွက်ရ၊ လွှတ်တော်ဒု - ဥက္ကဌ နှစ်ဦးလည်းနူတ်ထွက်ကြရ
တော့မည့် ဒုက္ခပေးသည့် ပုဒ်မ (၂)၊ (ဇ)"

(အောက်ဆုံးတွင် ဖော်ပြထားသော Link တွင် သွားရောက် ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။)

http://www.facebook.com/ooyetun

No comments:

Post a Comment