Wednesday, September 5, 2012

KIA အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ဖွင့်ဟ၀န်ခံချက် အပိုင်း(၁)

From- kachindailynews
စီးပွားရှာကောင်းသော KIA ခေါင်းဆောင်များ(သို့မဟုတ်) အသားထဲက လောက်ကောင်များ
ကျွန်တော်ဟာ အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက KIA အဖွဲ့ရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက KIA ဟာ ငြိမ်းချမ်းရေး ယူပြီး ပြည်နယ်ဖွံ့ဖြိုးရေးလုပ်မယ်၊ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေအတွက် လုပ်ကြမယ်လို့ ဦးတည်ချက်တော့ ရှိခဲ့ဖူးပါတယ်။
ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့မြောက်ပိုင်းမှာ အင်မတန်မှလှပတဲ့ ပြည်နယ်တစ်ခုပါ။ အထင် ကရ နေရာတွေ ရှုမျှော်ခင်းတွေနဲ့ ပြည့်နှက်နေပြီး ကချင်ပြည်နယ်ကို ရောက်ဖူးသူတိုင်းအတွက် စိတ်ချမ်း သာမှုကို အပြည့်အ၀ ရစေတဲ့နေရာဖြစ်ပါတယ်။ အကျော်ကြားဆုံးကတော့ ကချင်ပြည်နယ် က ကျောက်စိမ်းဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေဟာ သဘာဝကပေးထားတဲ့ သယံ ဇာတတွေပါ။ ဒါ့အပြင် ကျွန်း အပါအ၀င် သစ်မျိုးစုံကလည်း အင်မတန်မှ ပေါများလှပါတယ်။ မေခနဲ့ မလိခ ဆိုတဲ့ မြစ်နှစ်သွယ်ဟာ ကျွန်တော်တို့ ပြည်နယ်ထဲမှာပေါင်းစည်းပြီး ရှည်လျားစွာစီးဆင်းလျက်ရှိပါတယ်။ ကချင်လူမျိုးဖြစ်ရတဲ့ ကျွန်တော်ဟာ ကိုယ့်ပြည်နယ်အတွက် ကိုယ့်လူမျိုးအတွက် အင်မတန်မှ ဂုဏ်ယူ ခဲ့ရပါတယ်။
ငြိမ်းချမ်းရေးရပြီးတဲ့အချိန်မှာ ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုအစိုးရက ငွေကြေးများစွာ အကုန်ခံပြီး တည်ဆောက်ပေးခဲ့ပါတယ်။ တံတားတွေ၊ လမ်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ အလျှို လျှို ပေါ်လာပါတယ်။ နယ်စပ်ဒေသအထိ တည်ဆောက်ရေးလုပ်ငန်းတွေ အစိုးရက လုပ်ပေးတဲ့ အတွက် ဝေးလံလှတဲ့ ကျေးရွာကကချင်တိုင်းရင်းသားတွေပင်လျှင်ပညာတတ်များ  ဖြစ်လာနိုင်တဲ့အခြေအနေကို ရောက်ရှိလာပါတယ်။ သွားလာရေးကောင်းတဲ့အတွက် လူတိုင်းဟာ စီးပွားရေးကောင်းကောင်းလုပ်နိုင်ပြီး ပိုင်ဆိုင်မှုတွေ၊ ကြွယ်ဝမှုတွေ ရှိလာပါတယ်။ ဒါတွေဟာ ဘယ်သူမှ ငြင်းလို့မရတဲ့သမိုင်းက အမှန်တရားပါ။
တစ်ဘက်က အစိုးရက ဒီလိုဆောင်ရွက်နေခဲ့တယ်။ တစ်ဘက်က ကျွန်တော်တို့အဖွဲ့ အစည်းအနေနဲ့ ဒီ့ထက်မက ကိုယ့်ဒေသအတွက် ကိုယ်လုပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်နားမလည် တာက ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ ကျောက်စိမ်းကရတဲ့ငွေ၊ သစ်ကရတဲ့ငွေ၊ စီးပွားရေး သမားတွေဆီက ရတဲ့ဆက်ကြေးငွေ ဒါတွေကို ကျွန်တော်တို့ လူမျိုးတွေအတွက် အသုံးမချ ဘဲ ခေါင်းဆောင်ကြီးတွေအတွက်နဲ့ KIA အဖွဲ့အတွက်ပဲ လုံးလုံးလျားလျား အသုံးပြုခဲ့ပါတယ်။ တစ်ချိန်မှာ ဖားကန့်ဘက်က အင်မတန်မှ အရည်အသွေးကောင်းပြီး အလေးချိန် ၁၀ တန်လောက် ရှိတဲ့ ကျောက်စိမ်းကြီး ထွက်ပေါ်ခဲ့ပါတယ်။ ၀န်တင်ယာဉ်တွေ၊ ဆင်တွေ အများကြီး အသုံးပြုပြီးမှ သယ် ယူနိုင်ခဲ့တယ်။ ဒါကြီးကို အစိုးရမသိအောင် ခက်ခက်ခဲခဲနဲ့ တရုတ်ဘက်ကို ပို့ရတယ်။ ကျွန်တော်တို့ အဖွဲ့ အတွက် အဓိကစီးပွားရေးလုပ်ပေးနေတဲ့ ဘွန်ဝမ်လရော်ရဲ့ အစီအစဉ်နဲ့ တစ်ဘက်နိုင်ငံမှာ ခွဲစိတ်ရောင်းချ ခဲ့ပါတယ်။ ယွမ် သန်းပေါင်း သောင်းချီပြီးရတယ်လို့ သိရပါတယ်။ တစ်ချို့ အစိတ်အပိုင်းတွေ ကိုတော့ ဟောင်ကောင်အထိပို့ပြီး ရောင်းချခဲ့ရတယ်။ ဒေါ်လာ သန်းရာချီ ရခဲ့တယ်။ ဒီငွေတွေဟာ ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် ဘာမှ အကျိုးမဖြစ်ခဲ့ဘူး။ ဗိုလ်ချုပ်တစ်ယောက်ဆီက သိရတဲ့ သတင်း အရ လက်နက်စက်ရုံ တည်ဖို့ တစ်ချို့တစ်ဝက်ကို အသုံးပြုတယ်။ တစ်ချို့တစ်ဝက်ကတော့ “၀”တပ်မတော် ကနေ လက်နက်တွေ ၀ယ်ဖို့ သုံးခဲ့တယ်။ တော်တော်များများကိုတော့ ကျွန်တော်တို့အထက်က ဗဟိုကော်မတီ ၀င် ၁၆ ယောက်က အချိုးမညီစွာ ခွဲဝေယူခဲ့ကြတယ်။ ဒီငွေတွေနဲ့ တရုတ်ဘက်မှာ ကိုယ်ပိုင် စီးပွားရေးတွေ ထူထောင်ခဲ့ကြတယ်။ ဥက္ကဋ္ဌကြီး ဇောင်းဟရားဟာ ကျယ်ဂေါင်မှာ “123”ဟိုတယ် ကို ဆောက်ခဲ့တယ်။ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ ရှင်းလီ ကျောက်စိမ်းကုမ္ပဏီ ကို ခွေးမင်မြို့မှာ တည်ထောင်နိုင်ခဲ့တယ်။ ဗိုလ်ချုပ်ဂွမ်မော် တစ်ယောက်ကတော့ ရွှေလီမှာ ကျင်းချိန်နာမည်နဲ့ ဟိုတယ်ကို ပိုင်ဆိုင်လာနိုင်ခဲ့တယ်။
တကယ်တမ်းတော့ လုပ်ငန်းတွေကရတဲ့ဝင်ငွေအားလုံးဟာ KIO လူကြီးတွေအတွက်ပဲ ခံစား၊ စံစားခွင့် ရခဲ့တာပါ။ ကျောက်စိမ်းကုမ္ပဏီတွေဆီကဆိုရင် လုပ်ပိုင်ခွင့်အတွက် KIO ကို သွင်းရတဲ့ငွေ လစဉ်ကြေး၊ နှစ်စဉ်ကြေး၊ ကုမ္ပဏီအသေး၊ အလတ်၊အကြီးအလိုက် နှုန်းထားတွေ ရှိတယ်။ အောက်ဆုံး အဆင့် လက်လုပ်လက်စားတွေ ကလည်း KIOကို နေ့တွက်စရိတ် သွင်းရတယ်။   ဖြတ်ပိုင်းပေး ပြီး ငွေကောက် တဲ့ စနစ်သုံးတယ်။ ရေမဆေးကျောက် ရှာတဲ့လူတွေဆီကတော့ ဈေးနှုန်းတစ်မျိုးယူတယ်။ ဒီငွေတွေကလည်း မနည်းလှပါဘူး။  သစ်လုပ်ငန်းဆိုရင်လည်း တရုတ်ဘက်က ကုမ္ပဏီတွေနဲ့ပေါင်းပြီး ထုတ်တာတွေရှိသလို KIO အစီအစဉ်နဲ့ထုတ်ပြီး တရုတ်ဘက်မှာ သွားရောင်းတာလည်းရှိတယ်။ ၀င်ငွေကတော့  သောက်သောက် လဲပါပဲ။
အားလုံးနီးပါး သိနေတဲ့ ကျွန်တော့လိုလူအတွက် ဒီငွေတွေကို တကယ်တမ်းသာ ကချင်ပြည်နယ် အတွက် အသုံးချမယ်ဆိုရင် ကျွန်တော်တို့ပြည်နယ် ချမ်းသာတာ ကြာလှပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ အဖွံ့ဖြိုးဆုံး ပြည်နယ်တစ်ခု ဖြစ်နိုင်တယ်။ ယူနန်ပြည်နယ်ထက်တောင် ကြီးကျယ်နိုင်သေးတယ်။ ဒါပေမယ့် ဗျာ ၀မ်းနည်းစရာကောင်းတာ ကတော့ ဒီငွေတွေဟာ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးအတွက် လုံးဝအသုံး မပြုခဲ့ရဘဲ လူသတ်လက်နက်တွေ၊ မိုင်းတွေ၊ စစ်ပစ္စည်းတွေနဲ့ KIO လူကြီးများအတွက် တစ်သက် စားမကုန်တဲ့ ပိုင်ဆိုင်မှုတွေပဲ ဖြစ်ခဲ့ရတယ်။ အင်မတန် ခံပြင်းဖို့ကောင်းလှပါတယ်။
ဒီဘက်ပိုင်းကိုရောက်လာတော့ ၂၀၀၉ လောက်မှာ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ဖို့  ပြောလာတယ်။ KIO လူကြီးတွေ ခေါင်းချင်းဆိုင်ကြတယ်။ ကျွန်တော်သိသလောက်ဆိုရင် သူတို့ ဟာ ကချင်ပြည်နယ်က ကျန်သေးတဲ့ သယံဇာတတွေကို ရသမျှထုတ်ယူသုံးစွဲဖို့ပဲ အားသန်တယ်။ ပြီးရင် လက်နက် ကိုင်ထားတဲ့ အဖွဲ့တစ်ခု အနေနဲ့ ကချင်ပြည်နယ်မှာ သြဇာရှိဖို့၊ လုပ်ချင်တာလုပ်နိုင်ဖို့ ရည်မှန်းချက်ထားနေကြတယ်။ ဒီရည်မှန်းချက်ကြောင့်ပဲ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်ခဲ့တယ်။ ကချင်ပြည်နယ်ဖွံ့ဖြိုးရေးဆိုတဲ့ မူလရည်မှန်းချက်တွေပျောက်ပြီး ၀င်ငွေကောင်းလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ လက်ထဲမှာ သေနတ်ကိုင်ထားရမယ်ဆိုတဲ့ မူဝါဒကို ပြောင်းလဲလာခဲ့တယ် ဆိုပါတော့။ ဒါဟာ ကချင်လူမျိုးတွေဒုက္ခရောက်ဖို့ ကြီးမားတဲ့ အပြောင်းအလဲ တစ်ရပ်ဆိုရင် မှားမယ်မထင်ပါဘူး
KIO ခေါင်းဆောင်ပိုင်းတစ်ချို့ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ပြီး တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်သွားဖို့ ဆန္ဒရှိကြပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဗိုလ်ချုပ်ဂမ်ရှောင် တို့ကို မလွန်ဆန်နိုင်လို့ လက်လျှော့ လိုက်ရတယ်။ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇောင်းဟရားဟာလည်း  အဖွဲ့အပေါ်မှာ ဦးမဆောင်နိုင်ခဲ့တာ ကြာပါပြီ။ ဥက္ကဋ္ဌရာထူး ယူထားပြီး သူဖြစ်ချင်တာကိုတောင် ရဲရဲတင်းတင်း မပြောနိုင်ပါဘူး။ သူ့ရဲ့ကိုယ်ကျိုးရှာမှုတွေကို လက်အောက်က ထောက်ပြဝေဖန်လာမှာကိုလည်း စိုးရိမ်နေပုံရတယ်။ KIO မှာ ဘာဖြစ်နေသလဲဆိုတော့ အစိုးရကိုဆန့်ကျင်တဲ့စကား ပြောနိုင်သူက အမှန် လိုဖြစ်နေတယ်။ ထောက်ခံမဲများများရတယ်။ သူလုပ်ချင်တာလုပ်နိုင်တယ်။ ကချင်လူမျိုး ကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်လပ်ရေး ဒါတွေပဲ ထပ်ကာတလဲလဲ ပြောနေကြတယ်။ တကယ်တမ်းတော့ ကျွန်တော် တို့ ကချင်ပြည်နယ်ဟာ ၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေး ရပြီးသား ပါ။ နိုင်ငံရေး ကိုနားမလည် တဲ့ ခေါင်းဆောင်တွေ၊ ကိုယ်ကျိုးစီးပွား ကို သာ ရှေ့တန်းတင်ထား တဲ့   ခေါင်းဆောင်တွေကြောင့် ကချင်ပြည်နယ် လွတ်လပ်နေပါလျှက် မလွတ် လပ် သယောင်  ဖြစ်နေ ရခြင်းဖြစ်ပါတယ်။ အမှန်စင်စစ် ကချင်ပြည်နယ် မလွတ်လပ် သေးဘူးဆိုရင်လည်း အဲ့ဒါဟာ ကချင်လူထုတစ်ရပ်လုံး KIO ရဲ့ ကျွန်ပြုခြင်းကို ခံနေရခြင်းပဲဖြစ်ပါလိမ့်မယ်
လက်ရှိ KIO အတွင်းမှာ ခေတ်ဟောင်းအတွေးအခေါ်တွေ၊ ကိုယ်ကျိုးစီးပွားရှေ့ရှုမှုတွေ၊ တယူသန် တဇွတ်ထိုး မျက်ကန်းမျိုးချစ်တွေ၊ ဗမာမုန်းတီးရေး အရိုးစွဲနေသူတွေ၊ စစ်ကိုလိုလား သူတွေ ဦးဆောင်နေတဲ့အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရသော်လည်း ကျွန်တော်တို့ ကချင်ပြည်နယ် ယမ်းခိုးငွေ့ မပြယ်နိုင်ဘဲ အမှောင်တွေကြားမှာ ကျန်နေဆဲဖြစ်ပါတယ်။ အများ စုသော KIO လူငယ်ခေါင်းဆောင်တွေအနေနဲ့ကတော့ ငြိမ်းချမ်းရေးရယူပြီး ပြည်နယ်၊ လူမျိုးအကျိုးအတွက် လုပ်ချင်နေကြပါပြီ။ ကျွန်တော်လည်း အဲ့ဒီထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။ ခေါင်းဆောင် လူကြီးတွေ လုပ်နေတဲ့ လုပ်ငန်းစဉ်အလွဲတွေ၊ မူဝါဒအမှားတွေ၊ ခေတ်မမီတော့တဲ့ အတွေးအခေါ်တွေ၊ လက်အောက်ကို အသေခံခိုင်းပြီး ကချင်ပြည်သူတွေကို ဒုက္ခတွင်းထဲ ဆွဲချနေတဲ့ အလုပ်မျိုးတွေကို စိတ်မပါတော့တဲ့အတွက် မှန်ကန်တဲ့လမ်းကို လျှောက်ခဲ့ပါပြီ။ ကိုယ့်ပြည်နယ်ကိုယ်ဖျက်ပြီး စစ်တိုက်မလား၊ ငြိမ်းချမ်းရေးလုပ်ပြီး ကိုယ့်ပြည်နယ်ကိုယ် ထူထောင်မလား၊ ဒီနှစ်လမ်းကိုမှ မရွေးချယ်နိုင်တဲ့ KIO ခေါင်းဆောင်တွေအောက် မှာ ဆက်မနေလိုတဲ့အတွက် ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရွေးချယ်ခဲ့ပါပြီ။ ကျွန်တော့လို ကချင်သွေးရှိသူတွေ ကျွန်တော်နဲ့ပူးပေါင်းနိုင်ဖို့ လက်ကမ်း ကြိုဆိုလျက်ရှိပါတယ်။  ခေတ်အမြင်ရှိတဲ့ KIA ခေါင်းဆောင် ငယ်တွေ တပ်ဖွဲ့ဝင်တွေနဲ့ ကချင်ပြည်သူလူထုတစ်ရပ်လုံး အသားထဲကလောက်ကောင်ကို ရှာဖွေသုတ်သင်နိုင်ဖို့ အရေးကြီးပါကြောင်း။


KIA အဖွဲ့ဝင်ဟောင်း တစ်ဦး

No comments:

Post a Comment