Wednesday, October 3, 2012

လွှတ်မပေးဘူး


ရာဇ၀တ်မှုကျူးလွန်သူတွေကို လွှတ်မပေးဘူးလို့ ဦးသိန်းစိန်က ပြော လိုက်တယ်။ လွှတ်မပေးဘူးလို့သာ ဆိုတယ် - ရာနဲ့ချီ၊ ထောင်နဲ့ချီ လွတ်ငြိမ်းသက်သာခွင့်ပေးနေတဲ့ထဲမှာ နိုင်ငံရေးသမားက အနည်းစု၊ ရာဇ၀တ်မှု ကျူးလွန်သူတွေက အများစုပါနေတာပဲမဟုတ်လား။တောင်းဆိုတာ လွယ်သလား နိုင်ငံရေးအကျဉ်းသားလွတ်ပေး၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပေး ဆိုပြီး တောင်းဆိုကြတာက လွယ်မယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ...

အဓိကပါတီကြီး NLD က ဒီအကြောင်းအရာကို ကြေညာချက်တို့ဘာတို့ထုတ်ပြီး ဖိအားမပေးတာ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မပြောသလောက်ပါပဲ။

ဘာကြောင့် မပြောကြ မတောင်းဆိုကြတာလဲ။
 တောင်းဆိုရတာ မလွယ်လို့ ဖြစ်ပါလိမ့်မယ်။
မြန်မာပြည်မှာ ပြဿနာတွေက များလွန်းတော့ အကြောင်းအရာတခုတည်းကို ထပ်ခါထပ်ခါ မပြောချင် လို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်နေကြတဲ့အတွက် လွတ်လာတော့မှပဲ ကြိုဆိုတော့ မယ်ဆိုပြီး ငြိမ်နေတာလည်း ဖြစ်နိုင်တယ်။
အော်ချက် မထုတ်တော့ (ရွှေဘ လက်သီးမထိုးတော့) အားမရကြဘူး၊ Nang Seng  ဆိုတဲ့ ကချင်တိုင်းရင်း သူတယောက်ကတော့  ဒေါ်အောင်ဆန်းစုကြည် ငါတို့ကို သစ္စာဖောက်ပြီလို့ခံစားရတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ http://www.huffingtonpost.co.uk/nang-seng/i-feel-betrayed-by-aung-s_b_1924918.html?utm_hp_ref=fb&src=sp&comm_ref=false မှာ ဆောင်းပါး ရေးထားတယ်။

သူ့ဆောင်းပါးကို မှတ်ချက်ပေးသူတွေထဲက တယောက်ကတော့ ဒေါ်စုနဲ့ တခြား ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေ အထိန်းသိမ်းခံနေရချိန်မှာ တိုင်းရင်းသားအဖွဲ့တွေဟာ ဗိုလ်ခင်ညွန့်နဲ့ လက်ဆွဲနှုတ် ဆက်နေကြတယ် လို့ ထောက်ပြတယ်။ ပြဿနာဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မနေနဲ့၊ စစ်တပ်ကို အပြစ်တင် လို့ myintwinthein ဆိုသူက မှတ်ချက်ပြုပါတယ်။

ဘယ်သူ့ကို အပြစ်တင်မလဲ
 ရာဇ၀တ်မှုကျူးလွန်သူတွေကို လွှတ်မပေးဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်။ ထောင်ထဲကနိုင်ငံရေး သမားတွေက ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ဘူးလို့ အတိုက်အခံတွေ က ပြန်ပြောကြ တယ်။ ပြောတာလည်း ပြောတာပါပဲ၊ သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတော့ သူတို့လွှတ်မှ လွတ်လာမယ် မဟုတ်လား။

လွတ်မလာသေးတော့ ဘယ်သူ့ကို အပြစ်တင်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မလား။ ဗိုလ်သန်းရွှေလက်ထက် တရားရုံးများရဲ့ စီရင်ချက်တွေကို အတည်ယူပုံရတဲ့ ဦးသိန်းစိန်ကို အပြစ်တင် မလား။

ဦးသိန်းစိန်ကလည်း မလွှတ်ပေးဘူးသာ ပြောနေတာပါ၊ တချိန်ချိန်  အကြောင်းအရာတခုခုနဲ့ တိုက်ဆိုင်လာရင် လွှတ်ပေးမှာ အသေအချာပါပဲ။ ဟိုတလောက ကုလသမဂ္ဂမှာ မိန့်ခွန်းသွားမပြောခင် နိုင်ငံရေး အကျဉ်းသား ၉၀ ၀န်းကျင် လွှတ်ပေးခဲ့ပါသေးတယ်။

အခု အကုန်လွတ်မလာသေးတော့လည်း စိတ်ပျက်စရာ မလိုပါဘူး။ ၂၀၁၀ အလွန် "အရပ်သား" အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး လွတ်လာလိမ့်မယ်လို့ မယုံခဲ့ဘူးမဟုတ်လား။ အခု ထင်တဲ့အတိုင်း ဖြစ်လာတယ်လို့သာ သဘောထားရမှာ ဖြစ်ပါတယ်။
 
From- ဧရာဝတီ

No comments:

Post a Comment