Monday, November 5, 2012

ဟားဗတ်ပါမောက္ခများ တောင်ကြီးကိုသွား

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

ဦးကြီးခမ်းရပ်ရှိ ရှမ်းပြည်မျိုးဆက်အင်အားစု (အရပ်ဖက်လူ့အဖွဲ့အစည်း) ရုံးခန်းတွင် ပြုလုပ်သော တွေ့ဆုံပွဲ [ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)]
ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ၂ ဦးသည် ယမန်နေ့ ညနေက တောင်ကြီးမြို့ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းတို့ ၂ ဦးမှာ ဒေါက်တာဒေးဗစ်ဒါပိ(စ်)၊  ဒေါက်တာ သောမတ်(စ်) ဗယ်လီလီတို့ ဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က ဗီယက်နမ် နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။

တောင်ကြီး ဒေသခံများဘက်မှ ဆွေးနွေးပွဲ တက်သူများထဲတွင် ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့ဝင်များ၊ ကောင်ရွေး ပအိုဝ်းလူငယ် အဖွဲ့ဝင်များ၊ ဒေါ်မေနှင်းကျော်(ကမ္ဘောဇလူငယ်စာကြည့်တိုက်) အစရှိသူတို့ ပါဝင်သည်။

အမေရိကန် ပါမောက္ခ ၂ ဦး၏ ဆွေးနွေးချက်

              စီးပွားရေး ပါမောက္ခ ဒေါက်တာဒေးဗစ်ဒါပိ(စ်)၊ ပါမောက္ခ ဒေါက်တာ သောမတ်(စ်) ဗယ်လီလီ တို့က လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ဖြစ်ထွန်းမှုများအတွက် လိုအပ်သည့် အဓိက လိုအပ်ချက်များကို  ဝေဖန် သုံးသပ်ပြောကြားခဲ့သည်။

                    စီးပွားရေးအနေဖြင့် တိကျကောင်းမွန်သည့် ဘဏ်စနစ် ၊ ဆက်သွယ်ရေး တယ်လီဖုန်းကဏ္ဍ၊ လမ်းပမ်းအဆင်ပြေချောမွေ့မှု စသည့် အချက်များ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ တရားမျှတစွာ ပြိုင်ဆိုင်မှုများ ရှိရန် လိုအပ်ကြောင်း ထောက်ပြ ဆွေးနွေးခဲ့သည်။

လူတစ်ဦးတစ်ယောက်က သို့မဟုတ် လူတစ်စုက လက်ဝါးကြီးအုပ် စီးပွားရေး ဖြစ်စဉ်များ များလာပါက တိုင်းပြည်ဖွံ့ဖြိုးမှု နှေးကွေးနိုင်ကြောင်း ပါမောက္ခ နှစ်ဦးက ပြောသည်။

                 နိုင်ငံရေးပိုင်းတွင်လည်း အပေါ်ပိုင်းတွင်  သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ သည်  အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာရန် လိုလားနေသူများဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲလာသော နိုင်ငံရေး ဖြစ်စဉ်များလည်း တဖြည်းဖြည်း တွေ့နေရကြောင်း၊  မထင်မှတ်ထားသည့် နိုင်ငံရေး ဖြစ်စဉ်များ ဖြစ်ပေါ်လာနေသည်ဟု မိမိတို့ မြင်ကြောင်း ၎င်းတို့က ပြောသည်။

အမေးအဖြေနှင့် ဆွေးနွေးချက်တချို့

                   ရှမ်းပြည်မျိုးဆက်အင်အားစုက ဆွေးနွေးရာတွင် အစိုးရပိုင်း၏ အပေါ်ပိုင်း  ပြောင်းလဲမှုများကို တွေ့ရသော်လည်း အောက်ခြေပိုင်းတွင် အပြောင်းအလဲ နှေးကွေးနေသေးကြောင်း၊ စီးပွားရေးတွင်လည်း  ခရိုနီလက်ဝါးကြီးအုပ်မှုများ ရှိနေသေးကြောင်း၊ မိမိတို့ ရှမ်းပြည် နယ်တွင်လည်း ဒေသခံတောင်သူများကို ဒုက္ခပေးနေသည့် မြေယာပြဿနာများ၊ လမ်းတံတား တိုးဂိတ်ကိစ္စများ  ရှိနေသေးကြောင်းဆွေးနွေးသည်။

ပါမောက္ခ ၂ ဦးက ပြန်လည် ဆွေးနွေးရာတွင် မိမိတို့ ယခုရှမ်းပြည်နယ် ၄ ရက် ခရီးစဉ်တွင်း ဒေသခံများ၊ အရပ်ဘက် လူ့အဖွဲ့စည်းများ၊ ပါတီများ၊ ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ၊ ပြည်အစိုးရပိုင်း စသည်တို့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ယင်းတို့ထဲမှ ဒေသခံပြည်နယ်ဒေသမှ ပြည်သူများ၏အသံများကို  သမ္မတ၊ သက်ဆိုင်ရာ ၀န်ကြီးများနှင့်တွေ့ဆုံလျှင် တင်ပြပေးနိုင်ရန် မှတ်တမ်းများ ယူထားကြောင်း ပြောကြားပြီး ညနေ ၆း၃၀ နာရီတွင် ယင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။


















From -ဧရာဝတီ

No comments:

Post a Comment