Thursday, November 1, 2012

ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး




နိုင်ငံတော်အား ထိခိုက်နစ်နာစေနိုင်သော ပြတ်လုံးများ မပျက်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော လူရွှင်တော်ပန်းသီး၏ တကိုယ်တော်နိုင်ငံရေး ဟာသတင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။

 
 
တကိုယ်တော် ဟာသတင်ဆက်မှုလေးတွေကို ထူးထူးခြားခြားလုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်တာပါ။ လုပ်လာတဲ့အခါမှာ ပွဲချပါမစ်ပေးတဲ့အချိန်ကျတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ ဆင်ဆာအနေ နဲ့တော့အခက်အခဲမရှိပဲနဲ့ ဒီပွဲနဲ့ပါတ်သတ်လို့ နိုင်ငံတော်ကို ထိခိုက် စေနိုင်တဲ့ စကားလုံးတွေရှိခဲ့ရင် ရန်ကုန်တိုင်းတွင်းမှာ ပွဲပါမစ်ပိတ်ခံရမယ်ဆိုတဲ့ ခံဝန်ကတိတော့ ထိုးထားရတယ် ဟု လူရွှင်တော်ပန်းသီးက ပြောသည်။ 
 
 
လူရွှင်တော် ပန်းသီးမှ တကိုယ်တော် ဟာသတင်ဆက်မူအတွက် ခံဝန်လက်မှတ်ရေးထိုးခဲ့ရခြင်း၊ ပဒေသာကပွဲကြီးအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ (၃၁)ရက်နေ့တွင် ဗိုလ်အောင် ကျော်လမ်းရှိ ဟုန်း(မ်)ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
 
 
ကိုယ်ပြက်မဲ့ ပြက်လုံးကို တာဝန်ယူရတာပေါ့။ နဂိုကတည်းက ပြက်လုံးပြက်နေကျဆိုတော့ လက်ရှိ ဖြစ်နေတဲ့ အတိုင်းအတာတခုအနေနဲ့ ပြက်လုံးထုတ်မှာပဲ။ အဲ့ဒီအပေါ်မှာ ဖောင်းတယ်လို့ ယူဆရင် တော့ ကြိုက်တဲ့အပစ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ခေတ်ကာလပြောင်းသွားပြီ အပစ်မဖြစ်လောက် ဘူးလို့ ထင်ပါတယ် ” ဟု လူရွှင်တော် ကြယ်သီးက ၄င်း၏ အမြင်ကို ပြောသည်။  
 
 
ပန်းသီး၏ တကိုယ်တော်တင်ဆက်မှုအတွက် ဧရာ၊ ချစ်ချော၊ ပွမ်ပွမ်၊ ကြာအေး၊ စူပါနှင့် အနုပညာ နယ်ပယ်အသီးသီးမှ အနုပညာရှင်များ၊  မန္တလေးမှအငြိမ့်အဖွဲ့များမှ အနုပညာကြေးငွေမယူပဲ မေတ္တာဖြင့် ကူညီဖျော်ဖြေကြမည်ဖြစ်သည်။
 
 
 ရုံဝင်ခမှာ လက်မှတ်တစ်စောင်လျှင် ကျပ် (၅)ထောင်မှ (၁) သောင်း အထိရှိမည်ဖြစ်ပြီး လက်မှတ်များအား အွန်လိုင်းမှ လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ၀ယ်ယူ၍ရကြောင်း သိရှိရသည်။     
 
 
နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံတွင် တင်ဆက်မည့် အဆိုပါပွဲကို စပွန်ဆာမရှိဘဲ ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်သော ပြက်လုံးများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
 
 
စပွန်ဆာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့နဲ့ ပတ်သက်လာတဲ့အခါကျတော့ စပွန်ဆာတွေက မပတ် သက်ရဲဘူး ဆိုတာတွေ ဖြစ် လာတယ်။ တစ်ချို့ကျတော့ အစိုးရနဲ့ လက်ရှိစီးပွားရေးလုပ် နေတဲ့သူတွေ ပါတယ်။ စီးပွားရေးတွေ ထိခိုက်နိုင်တယ်ပေါ့ ဆိုပြီး စပွန်ဆာမရှိပါဘူး ” ဟု ပန်းသီးက ပြောသည်။  
 
 
အဆိုပါပွဲအတွက် ပန်းသီးမှ ငွေချေးငှား၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပွဲချိန်မှာ (၅)နာရီကြာမြင့် မည်ဖြစ်ပြီး မင်းသားမင်းသမီးနှင့် လူရွှင်တော်ဇာတ်ရုပ် (၃)မျိုး သရုပ်ဆောင်မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။
 
 
အဆိုပါပွဲကို ခန်းမကြေးအဖြစ် ငွေကျပ် (၁၂)သိန်းဝန်းကျင်ကုန်ကျမည်ဟု မှန်းထားသော်လည်း နိုဝင်ဘာ(၄)ရက်နေ့မှစ၍ ခန်းမကြေး (၃)ဆခန့် မြင့်တက်ခဲ့ကာ (၃၅)သိန်းသို့ရောက်ရှိသွားခဲ့ခြင်း ကြောင့် ယဉ်ကျေးမှုဝန်ကြီးထံသို့ ခန်းမကြေးအား ယခင်ဈေးနှုန်းအတိုင်း ဆောင်ရွက်ပေးနိုင်ရန် အောက်တိုဘာ(၃၁)ရက်နေ့က အသနားခံစာ တင်ထားခဲ့ကြောင်းကိုလည်း သိရှိရသည်။
From -မြစ်မခ

No comments:

Post a Comment