Friday, December 28, 2012

ကွမ်းယာ၊ ကင်ဆာနဲ့ ရိုးရာ

ဆိုင်တချို့မှာတော့ ကွမ်း ယာတဲ့သူ တယောက်မက ရှိပြီး နေ့ရောညပါ အဆက်မပြတ် ယာနေရတဲ့အထိ အရောင်းသွက်ပါတယ်။
ကွမ်းစားတဲ့ ဓလေ့ဟာ အိန္ဒိယ နိုင်ငံကနေ ပျံ့နှံ့လာတာပါ။ ရှေးခေတ် မြန်မာပြည် တရားမမှုတွေမှာ တရားဖြစ် ပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နူန်း ကောက်ယူငွေကို “ကွမ်းဖိုး” ဟု ခေါ်ကြောင်း မှတ်သားရပါ တယ်။ 

ကွမ်းနဲ့ ပတ်သက်တဲ့ ထင်ရှားတဲ့ ရာဇ၀င် အဖြစ်အပျက် ရှိပါသေးတယ်။ ရခိုင်မင်းထီးက အမိန့်တခု ထုတ်ဖူးတယ်၊ နန်းတော်တိုင် ထုံးသုတ်သူကို လက်ညှိုးဖြတ်စေ တဲ့။ ကွမ်းစားသူတွေက တိုင်ကို ထုံးသုတ်လွန်းလို့ ဖြစ်နိုင်တယ်။
တနေ့တော့ ဘုရင်က ကွမ်းကို ယာစားပြီး လက်မှာ ပေနေတဲ့ ထုံးကို နန်းတော်တိုင်မှာ အမှုမဲ့ အမှတ်မဲ့ သုတ်မိသွားပါသတဲ့။ ဘုရင်မင်းထီးဟာ သူကိုယ်တိုင် သတ်မှတ် ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်း သူ့လက်ညှိုးကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့တယ် ဆိုတဲ့ သမိုင်းဖြစ်ရပ်ပါ။
ပြီးတော့ နတ်ပွဲတင်တာ၊ ဘုရားပွဲတင်တာ စတဲ့ ယုံကြည်ကိုးကွယ်မှု နဲ့ သက်ဆိုင်တဲ့ အခမ်းအနား တွေမှာ ကွမ်းယာနဲ့ မကင်းတာက ဒီခေတ် အထိ ပါပဲ။
အဲဒီလို သမိုင်း ရာဇ၀င်ရှိခဲ့တဲ့ ကွမ်းယာဟာ ဒီကနေ့မှာတော့ ပတ်ဝန်းကျင်မှာ မြင်မကောင်း၊ ရှုမကောင်း တွေနေ့ရ ပါပြီ။ ရန်ကုန်တိုက်ခန်း အများစုရဲ့လှေခါး ထောင့်တွေမှာ ကွမ်းတံတွေး တွေ့ရသလို၊ ရန်ကုန်မြို့လမ်းမ များ ရဲ့လမ်း တိုင်းမှာလည်း ဒီကွမ်းတံတွေး တွေကိုတွေ့ရ ပါတယ်။

ကားမှတ်တိုင်တွေ အနီး ဘေးက ဖြတ်လျောက် သွားရင် ကိုယ့်အပေါ်ကို ဘယ်သူ ကွမ်းတံတွေး နဲ့ ထွေးမိမလဲ ဆိုတာကို လည်းကြည့် ရှောင်ရပါ သေးတယ်။

ကွမ်းယာ စားတဲ့ အလေ့အကျင့်က အရင်တုန်းက လူကြီးတွေ အများ စုဖြစ်ပေမယ့် ဒီဘက်ခေတ်မှာ လူငယ်တွေ အတော်များများ ကွမ်းယာစား တာကို တွေ့ရပါတယ်။ လူငယ် ဆိုတာမှ အတော်ငယ်တဲ့ အရွယ်တွေ ဖြစ်တဲ့ ၁၅ နှစ် ၁၆ နှစ် အရွယ်တွေပါ။ (တချို့ဒီ ထက်တောင် ငယ်သေးပါတယ်) နောက်ပြီး အမျိုးသမီး အများအပြားလည်း ကွမ်းစားလာတာ တွေ့ရ ပါတယ်။ 


ကွမ်းယာစားတဲ့ အတွက် ဆိုးကျိုးတွေက ဘာတွေလဲ။ လူငယ်တွေ ကြားမှာ ပျံ့နှံ့လာတဲ့ ကွမ်းစားခြင်း ဓလေ့ကို ဘယ်လို တားဆီးမလဲ။

ဒါတွေကို သတိပြု သိရှိနိုင်ဖို့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ နေထိုင် တဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ဆရာဝန်  ဒေါက်တာမိုလာနဲ့ တွေ့ ဆုံ မေးမြန်းကြည့်တော့…
“ကွမ်းကို ပါးစပ်ထဲမှာ တချို့က ကြာကြာငုံထား တတ်ကြတယ်။ အဲဒီလို လူတွေဟာ နှစ်တွေ ကြာလာတဲ့ အခါ ပါးစပ်ထဲမှာ ပူလောင်သလို ခံစားလာရ တယ်။ နောက်တော့ အနာတွေ ဖြစ်လာတယ်။ ပါးစပ်နဲ့ ပါးပြင်တွေကလည်း သားရေ လို မာလာ တယ်။ အဲဒီလို မာလာတာနဲ့ ပျော့ပျော့ပြောင်းပြောင်း မဟုတ်တော့ ပါးစပ်က သိပ်ဟ မရဘူး ပေါ့။ နောက်ပြီး သွားနဲ့ ပတ်သက်တဲ့ သွားဖုံးရောင် ရောဂါတွေ၊ သွားမြစ်ဝန်းပါတ် မြှေးလွှာရောင်ရမ်းနာတွေ၊ သွားနဲ့ သွားဖုံးကြားမှာ သွားဖုံးပေါက်တွေ ဖြစ်လာတယ်။ ကြာလာတော့ သွားတွေနဲ့လာပြီးရင် ကျွတ်ထွက်သွား တာဘဲ။ သွားကို ကြည့်မယ်ဆိုရင်လည်း ဖြူမနေပဲ နီမြန်းနေပါလိမ့်မယ်။ အချိန် ပိုပြီး ကြာလာတဲ့အခါ အမည်းရောင် ဖြစ်လာရတယ်။ မြန်မာ လူမျိုးရဲ့ သင်္ကတတခုလို့ ပြောတာတွေ ရှိလာတယ်။ သွားမည်းမည်းနဲ့လူလို့ ပြောလာကြတာမျိုးပေါ့။ နောက် တဖြည်းဖြည်း ပါးဟာ မာလာပြီး လေတောင် ချွန်လို့ မရတော့ဘဲ နောက်ဆုံး ကင်ဆာ အဆင့် ပြောင်း သွားနိုင်တယ်” လို့ ဒေါက်တာမိုလာက ရှင်းပြပါတယ်။
ခံတွင်းကင်ဆာ ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ ဒေါက်တာမိုလာကို လူငယ်တွေ ကွမ်းစားတာ ဘယ်လို တားဆီးနိုင်မလဲ ဆိုတဲ့ မေးခွန်း မေးမြန်းခဲ့ပါတယ်။

ဒေါက်တာမိုလာ

ခံတွင်းကင်ဆာ ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ ဒေါက်တာမိုလာကို လူငယ်တွေ ကွမ်းစားတာ ဘယ်လို တားဆီးနိုင်မလဲ ဆိုတဲ့ မေးခွန်း မေးမြန်းခဲ့ပါတယ်။

“ဒီမေးခွန်းကို ဖြေရရင်တော့ တားဆီးလို့ ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမ်းမာရေး ဆိုင်ရာ ပညာပေး ဗဟုသုတနဲ့ သက်ဆိုင်လို့ပါ။ ဒီလို စားနေရင် ဆိုးကျိုးတွေကို သိရှိမယ်။ ဒီဆိုးကျိုး ဆိုတာက မိမိရဲ့ ကျန်းမာရေး ဆိုးကျိုး၊ မိမိရဲ့ ပုံပန်းသဏ္ဍာန် ဥပဓိရုပ် လေးလေးစားစား ရှိမှု၊ ပတ်ဝန်းကျင်အပေါ် မိမိကြောင့် ဆိုးကျိုး ဖြစ်စေတာတွေ သိလာမှ မိမိကိုယ် မိမိ တားဆီး ပြီးသား ဖြစ်သွား ပါမယ်။ ဒီ အားနည်းချက်ကို အရင်ဖြည့်ဆည်း ပေးဘို့ ဒီလိုသွယ်ဝိုက် ပညာပေးမှပဲ ရမယ်။ တိုက်ရိုက်ကြီး မစားနဲ့၊ မသောက်နဲ့ လို့တော့ ပြောလို့ ရမှာ မဟုတ်ဘူး။ မလုပ်နဲ့ဆို လုပ်ချင်ကြတာ ကိုး။ ကွမ်းယာ မစားဖြစ်အောင် ဆိုင်တွေ ပိတ် လို့မှ မရတာ။ ဆေးလိပ်၊ အရက်တောင် မတားဆီးနိုင်တာ၊ ကွမ်းယာက သိပ်တော့ မလွယ်သေးပါဘူး။ ဒါပေမဲ့ တကယ့် ပညာတတ် အသိုင်းအ၀ိုင်းတွေမှာ စားတာ နည်းတယ်။ တကယ်လို့များ စားကြရင်လည်း လက်ချိုး ရေလို့ ရပါတယ်။ ဒီတော့ အခုလို သွယ်ဝိုက်ပညာပေးတဲ့ နည်းနဲ့ပဲ လူငယ်တွေကြား ကွမ်းစားတာ တားဆီးနိုင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ကွမ်းစားတာကို တချို့က စွဲတယ်လို့ ထင်ကြပါတယ်။ တစ်ကယ်တော့ ကွမ်းယာဟာ ဖြတ်ရတဲ့ ဟာမျိုး မဟုတ်ပါဘူး။ အရက်တို့ ဆေးလိပ်တို့ သာဖြတ်ရ ခက်ခဲလို့ ဖြတ်တဲ့နည်း ရှိနေတာပါ။ ကွမ်းယာ စားမိသွားရင် စိတ်ကို လန်းဆန်း သွားစေတာ၊ တက်ကြွစေတာ၊ စိတ်ငြိမ်မှု ရှိတယ်လို့ ခံစားရတာ ပါ။ ကွမ်းယာဟာ ဘိန်းလို မစွဲပါဘူး။ မစား ချင်လည်း ရနေတာပါ။ အကျင့်စရိုက် တခုပါ” တဲ့။


ကွမ်း မစားရရင် မနေနိုင် ဆိုတာ ကြက်သားကြိုက်တဲ့ သူကြက်သားစားချင် သလိုမျိုး ပါ။ ဆေးနဲ့ ဖြတ်ယူဖို့ မလိုပါဘူး၊ အသိတရားက မစားသင့်ဘူး လို့ ဆုံးဖြတ်ပြီး နေတာနဲ့ ပြတ်သွားပြီ။ ဖြတ်ကာစ အကျင့်ဖျောက်ရတော့ ခက်တာပေါ့။ ဒါလည်း ကြာရင်ပျောက်သွားမှာပါ။ တကယ်လို့ ပါးစပ်ထဲမှာ ၀ါးတဲ့ အကျင့် လို ဖြစ်နေ ရင်တော့ သကြားမပါတဲ့ ပီကေ၀ါးနေရင် အစားထိုး ရှိနေတော့ ပျောက်သွားနိုင်ပါတယ်။ ဒီတော့ ကွမ်းဖြတ်မယ် ဆိုရင် ‘မစားသင့်ဘူး’ ဆိုတဲ့ အသိတရားလေး ရင်ထဲအောင်းနေဖို့ပဲ လိုပါတယ်” လို့ ဒေါက် တာမိုလာက ရှင်းပြပါတယ်။


ဧရာဝတီ

No comments:

Post a Comment