Thursday, January 31, 2013

ငြိမ်းချမ်းရေးအလှမ်းမဝေးပါ

ကျွန်တော့စားပွဲပေါ်က အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက အခမ်းအနားတွေအပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထားသူတွေ ပါသလို အရပ်ဝတ် အရပ်စား နဲ့သူတွေလည်းပါသည်။တစ်ချို့ကထိုင်၍တစ်ချို့က
ရပ်လျှက်။ နှစ်နှစ်ဆယ်နီးပါးကြာခဲ့ပြီဖြစ်သည့်အတွက် ဓာတ်ပုံ က အရောင်ပျက်ချင်ချင်၊အရွယ်အစားကလည်းဟိုတုံးကအသုံးများသည့်ပို့စ်စကဒ်ဆိုက်ဆိုတော့မျက်နှာတွေကမထင်ရှား။ တကယ်လို့ ပုံကြီးချဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ ပုံထဲကလူတွေအားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်းတာဝန်တစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူတွေဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း အရိပ်လက္ခဏာတွေကို တွေ့ရမည်မှာ သေချာပါသည်။



ဓာတ်ပုံရိုက်ကူးသည့်နေ့မှာ ၁၉၉၄ ခုနှစ်  ဖေဖော်ဝါရီလ ၂၂  ရက်နေ့ဖြစ်သည်။ ပုံထဲက လူတွေက တပ်မတော်နှင့် ကေအိုင် အိုအဖွဲ့အကြားအပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေးခဲ့ကြသည့် နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဝင်တွေဖြစ်သည်။ အလယ် က တိုက်ပုံအမဲနှင့်ပုဂ္ဂိုလ်ကြီးက ကေအိုင်အို ဒုဥက္ကဌလည်းဖြစ်၊ စစ်ဦးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ် ဇော်မိုင်၊ သူ့ဘေးဝဲယာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောလွင်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်အေးကျော်၊ ရှေ့တန်း ဘယ်အစွန်ဆုံးက မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးမောင်ဘို ( နောင် ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို) ဖြစ်သည်။ အရပ်ဝတ်နှင့် ပုဂ္ဂိုလ် အားလုံးက ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ကြားလူကြီးများဖြစ်သည်။ မှတ်မိသလောက်ဆိုလျှင် ကေအိုင်အို၊ကေအိုင် အေဘက်မှ ဒုဥက္ကဌ ဦး လမုန် တူးဂျိုင်၊ ဒေါက်တာလဂျာ၊ဒေါက်တာတူးဂျာ၊ ကြားလူကြီးများဖြစ်သည့် သံအမတ်ကြီးဟောင်း ဦလ၀မ်၊ ဦးခွန်မြတ်၊ ကျန်တာကတော့ တပ်မတော်ထောက်လှမ်းရေးနှင့် တိုင်းစစ် ဌာနချုပ်နှစ်ခုမှ ဆွေးနွေးပွဲအထောက် အကူပြုအဖွဲ့များဖြစ်သည်။ စာရေးသူကျွန်တော်က နောက်ဆုံးတန်းယာဘက် ဒုတိယ မြောက်ဖြစ်သည်။ ထို့နေ့မနက်မှာ တပ်မတော်နှင့် ကေအိုင်အို/ကေအိုင်အေကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး စာချုပ်ပါ အချက်အလက်များကို အပြီးသတ် သဘောတူ ခဲ့ကြသည်။ နောက်နေ့မှာ ထိုစဉ်က အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်လာပြီး ၎င်း၏ရှေ့ မှာ သဘောတူလက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ထို့ကြောင့် မနက်ပိုင်းအစည်းအဝေးပြီးချိန်တွင် အောင်မြင်မှု အထိမ်း အမှတ် အဖြစ် စုပေါင်းဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ဒီလိုသဘောတူဖို့အတွက်လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟုတ်။   ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၂     ရက်နေ့မှ လက်မှတ်ထိုးသည့် ၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ ၂၄  ရက်နေ့အထိ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ ဆွေးနွေးပွဲ မစတင်ခင်ကပင် နှစ်ဘက်လုံးက ယာယီအပစ်အခတ်ရပ်စဲထားဖို့ ညှိရသည်။ သဘောတူတော့ နှစ်ဘက်တပ်များကို ညွှန်ကြားရသည်။ ထိုအချိန်တွင် နှစ်ဘက်တပ်အားလုံးက လက်ရှိ နေရာအတိုင်းပိုနေမြဲကျားနေမြဲနေကြသည်။ အကြောင်းကြောင်း ကြောင့် တပ်တွေရွှေ့ပြောင်းသွားလာဖို့ရှိရင် အောက်ခြေ မှာဆက်သွယ်ပြီး သွားလာကြသည်။ ဒီတော့ အပစ်အခတ်ရပ်စဲ ရေးအတွက်စတင်ဆွေးနွေးချိန်တွင် ကချင်ပြည်နယ်မှာ သေနတ်သံတွေ၊ မိုင်းကွဲသံတွေယာယီအားဖြင့် ဆိတ်သုဉ်းနေပြီ ဖြစ်သည်။ ဒီလို တင်းမာမှုတွေ၊ စစ်ရှိန်တွေ လျော့ပါး သွားခြင်းကြောင့်လည်း ဆွေးနွေးပွဲစတင်ဖို့ ပိုပြီးလွယ်ကူစေခဲ့သည်။

ဒါတောင်မှ ဆွေးနွေးပွဲများစတင်ချိန်တွင် နှစ်ဘက်ပုဂ္ဂိုလ်များအကြားတွင် ခပ်တန်းတန်းဖြစ်နေဆဲဖြစ်သည်။ ဒါကလည်း သဘာဝကျပါသည်။ ကိုယ်စားလှယ်အများစုမှာ နှစ်ဘက်လုံးက စစ်ရေးခေါင်းဆောင်တွေဖြစ်ပြီး နှစ်ဘက် တိုက်ပွဲတွေ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူတွေဖြစ်ရာသူတို့ အသီးသီးမှာ ပုဂ္ဂလိကခံစားချက်များရှိနေကြသည်။ ဒါပေမယ့် ကံကောင်း တာက ဆွေးနွေးပွဲများသည် ယခု ကေအိုင်အိုနှင့်ဆွေးနွေးသလို တစ်ရက်ထဲတွေ့ဆုံခြင်းမဟုတ်။ ကေအိုင်အိုကိုယ်စား လှယ်များကို ရဟတ်ယာဉ်နှင့်မြစ်ကြီးနားမြို့သို့ပို့ဆောင်ပြီး တိုင်းစစ်ဌာနချုပ်မလိခဧည့်ရိပ်သာတွင် တစ်ပတ် ဆယ်ရက် နေကာ ဆွေးနွေးကြခြင်းဖြစ်သည်။ ပြီးတော့ ဗိုလ်ချုပ်ဇော်မိုင်၊ ဒုဥက္ကဌ ဦးလမုန်တူးဂျိုင်၊ အထွေထွေအတွင်းရေးမှူး ဦးဇေင်း ဟရားစသည့် အဆုံးအဖြတ်ပေးနိုင်သည့်ခေါင်းဆောင်များကိုယ်တိုင် ဆွေးနွေးပွဲဖြစ်စဉ်များတွင်အစထဲက ပါဝင်လာခဲ့ ခြင်း ဖြစ်သည်။ ဥက္ကဌကြီးဦးဘရန်ဆိုင်းပင် မြစ်ကြီးနားသို့လာရောက်ရန်စီစဉ်ခဲ့သော်လည်းနောက်ပိုင်းတွင် ဦးဏှောက် သွေးကြောပိတ်ဆို့သည့် ရောဂါခံစားရသဖြင့် မလာနိုင်ခြင်းဖြစ်သည်။

ထိုအချိန်က မလိခရိပ်သာတွင် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကိုယ်စား လှယ်အဖွဲ့၊ ကြားလူကြီးများနှင့် တပ်မတော်ထောက်လှမ်းရေးအဖွဲ့တွေအားလုံးအတူနေကြသည်။များသောအားဖြင့် နံနက် စာ၊ နေ့လည်စာ၊ ညစာအတူစားကြသည်။  အိမ်ရှင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်း လာစားသည်။ ဒီတော့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့က လူကြီးများသည် ဆွေးနွေးပွဲအတွင်းသာမက စားသောက်ချိန်များမှာပါ အပြန်အလှန် ဆွေးနွေးကြသည်။ လက်ရှိအခြေအနေသာမက သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ နိုင်ငံတကာရေးရာ တွေ ပါဆွေးနွေးကြ၊ အမြင်ချင်းဖလှယ်ကြသည်။ မိသားစုတွေအကြောင်းလည်းပြောကြသည်။ သံအမတ်ကြီးဦးလ၀မ်ဆိုလျှင် ပင်လုံစာချုပ်ကိုပါသိမှီလိုက်သူဖြစ်သောကြောင့် သမိုင်းနောက်ခံတွေကို စိတ်ဝင်စားဖွယ်ပြောပြတတ်သည်။ ကျွန်တော်တို့ လူငယ်တွေက နားထောင်သမားသက်သက်။ ဒီလိုပြောရင်းဆိုရင်းနဲ့ နှစ်ဘက်ကြားမှာ ရင်းနှီးမှု၊ ပွင့်လင်းမှုတွေပိုရလာ သည်။ တစ်ချိန်ကျတော့ဆွေးနွေးပွဲတက်ရောက်သည့်  ကေအိုင်အိုခေါင်းဆောင်တစ်ဦးနှင့် တပ်မတော်ခေါင်းဆောင်တစ်ဦး တို့ မှာ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်တွင် အတူနေခဲ့ဖူးကြောင်း စကားစပ်မိသွားပြီး သူတို့သိသည့်သူငယ်ချင်းတွေ အကြောင်းပြန်အစဖော်ကာ ပြောမဆုံးနိုင်ဖြစ်သွားကြသည်။ နောက်နေ့တွေကျတော့ တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်း ဟု အာလုပ်သံဖြင့် စကားပြောသည့်အဆင့်သို့ရောက်သွားတော့သည်။ ဒီလိုနဲ့  ဒုတိယအကြိမ်၊ တတိယ အကြိမ် စသည်ဖြင့် တွေ့ဆုံသည့်အကြိမ်တွေများလာလေ နှစ်ဘက်ကြားမှာ နှင်းခဲတို့အရည်ပျော်တာမြန်လေဖြစ်လာ တော့သည်။

လက်တွေ့ဆွေးနွေးရာတွင်လည်း ညှိရတာတွေအများကြီးဖြစ်သည်။ များသောအားဖြင့် လူငယ်တွေမပါဘဲ နှစ်ဘက် လူကြီးများ၊ ကြားလူကြီးများနှင့် တပ်မတော်ထောက်လှမ်းရေးက အရာရှိကြီးတွေပဲ တံခါးပိတ်ဆွေးနွေးကြသည်။ တစ်ခါ တစ်လေတော့လည်း ဆွေးနွေးပွဲအပြီးတွင် ပြုံးပြုံးရွှင်ရွှင်၊ တစ်ခါတစ်လေတော့လည်း မျက်နှာမသာမယာနှင့်။ သိတ်ပြီး အငြင်းအခုန်တွေများလာရင်တော့ တစ်ရက်နှစ်ရက်နား၊ ပြီးတော့ပြန်ဆွေးနွေး၊ အဆင့်တစ်ခုအတွက် သဘောတူပြီးဆိုလျှင်  ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ကလည်းဗဟိုကိုပြန်၊ ကျွန်တော်တို့ဘက်ကလည်း ရန်ကုန်ကို သတင်းပို့၊ ဒီလိုနဲ့ ဆွေးနွေး ပွဲတွေ ကြိမ်ဖန်များစွာလုပ်ခဲ့ရသည်။ သို့သော် ကံကောင်းတာက ထိုအချိန်က ဘယ်သူ့ဘက်ကမှ ဆွေးနွေးပွဲရပ်ပစ်ဖို့၊ မဖြစ်နိုင်သောတောင်းဆိုချက်တွေ တင်ပြဖို့ မလုပ်ခဲ့၊ မဖြစ်ဖြစ်အောင်၊ မညီရင် ညီအောင် ညှိမယ်ဆိုသောစိတ်နှင့် ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။ ခက်ခဲသော ကိစ္စတွေကို ဘေးဖယ်ထားပြီး အလွယ်တကူသဘောတူနိုင်မည့် ကိစ္စများကို စပြီး ကိုင်တွယ်ဖြေရှင်း ခဲ့ကြသည်။ အခြေခံသဘောတူညီချက်လေးတွေရလာတာနဲ့ လူတိုင်းစိတ်မှာ ဆွေးနွေးပွဲ လုပ်ငန်းစဉ် အပေါ် ပိုပြီး ယုံကြည်မှုရှိလာသည်။ အတူနေ အတူစား အတူဆွေးနွေးခြင်းကြောင့်နားလည်မှုတွေပိုပိုရလာသည်။ ဒီလိုနဲ့ နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သဘောတူညီချက်ရရှိကြောင်း တရားဝင်ထုတ်ပြန်ချိန်တွင် ကချင်ပြည်နယ်သူ၊ပြည်နယ်သားတို့ ပျော်လိုက်ကြပုံတွေကို ယခုထိ မြင်ယောင် နေမိပါသေး သည်။

ဓာတ်ပုံဟောင်းလေးထဲက ပုဂ္ဂိုလ်အတော်များများမှာ ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည်။ ဓာတ်ပုံမှာလည်း အရောင်ပျယ်လု လုဖြစ်နေပြီ။ သူတို့တည်ဆောက်ခဲ့သည့်ငြိမ်းချမ်းရေးမှာလည်း အသစ်ပြန်ဖြစ်လာသည့်တိုက်ပွဲသစ်တွေကြောင့်  ပျက်ပြယ် ခဲ့ရပြီ။  တစ်နေ့က ကချင်ပြည်နယ်က ငယ်သူငယ်ချင်းနဲ့တွေ့တော့ သူက ငြိမ်းချမ်းရေးတော့ ဘယ်တော့မှ ရမယ် မထင် တော့ဘူးဟု စိတ်ပျက်စကားဆိုသည်။ ကျွန်တော်ကတော့ သူ့လိုမယူဆ။ ငြိမ်းချမ်းရေးသည် ထင်သလောက်အလှမ်းမဝေး ဟု ယုံကြည်သည်။ အဘယ်ကြောင့်နည်း။

၁၉၉၃- ၉၄ ကာလထက်စာလျှင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့က ပိုပြီးအခြေအနေကောင်းသည်။ ၁၉၉၃ ခုနှစ် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများစတင်ချိန်တွင်ကေအိုင်အို/ကေအိုင်အေနှင့်ဖြစ်ပွားခဲ့သည့်လက်နက်ကိုင်ပဋိပက္ခသည် ၁၉၆၀ မှ ရေတွက် သော် နှစ်သုံးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် နှစ်ဘက်ခေါင်းဆောင်များသည် လက်နက် ကိုင်ပဋိပက္ခကာလသက်သက်ကိုသာဖြတ်သန်းခဲ့ရသည်ဟုဆိုနိုင်သည်။ ထိုနှစ်ပေါင်းသုံးဆယ်ကာလအတွက် တိုက်ပွဲ ကြီး ငယ်တွေများစွာရှိခဲ့သည်။ နှစ်ဘက်လုံးမှာ ၊ ပြည်သူတွေမှာထိခိုက်နစ်နာမှုတွေအများကြီး၊ ပုဂ္ဂိုလ်ရေးခံစားချက်တွေဖြစ်ဖို့ အကြောင်းအရာတွေက တစ်ပုံတစ်ပင်၊ သံသယတွေ၊နာကြဉ်းမှုတွေက နှစ်ဘက်လုံးမှာ နက်နက်ရှိုင်းရှိုင်းရှိခဲ့သည်။ ဒါပေ မယ့်ဒါတွေအားလုံးကိုကျော်လွှားနိုင်ခဲ့သည်။အခု ပဋိပက္ခသစ်တွေပြန်ဖြစ်တာက တစ်နှစ်ကျော်သာရှိသေးသည်။ ပတ်သက် သူတွေက ငြိမ်းချမ်းရေးကာလရော၊ ပဋိပက္ခကာလကိုရောဖြတ်သန်းခဲ့ကြပြီ။အကောင်းအဆိုး၊ သင်ခန်းစာယူစရာတွေ တွေ့ခဲ့၊မြင်ခဲ့ကြပြီ။ဆောင်ရန်ရှောင်ရန်တွေကိုနားလည်ခဲ့ပြီ။  ဒါ့ကြောင့် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက် ဖို့က မခဲယဉ်း ဟုဆိုချင်သည်။

ထို့ထက်အရေးကြီးတာက နိုင်ငံရေးအခြေအနေဖြစ်သည်။ ၁၉၉၃ မှာဆွေးနွေးတုံးက အပစ်အခတ်ရပ်စဲရေးသက်သက် ဆွေးနွေးခဲ့သည်။ နိုင်ငံရေးအတွက်လုံးဝမဆွေးနွေး။ နောက်အစိုးရတာဝန်ယူချိန်မှသာ ဆွေးနွေးရန်ဟု တပ်မတော် အစိုး ရဘက်က ရပ်တည်ခဲ့သည်။ နောင်မှာ မျှော်လင့်သည့်နိုင်ငံရေးဆွေးနွေးမှုများဖြစ်မလာသည့်အခါ ပဋိပက္ခတွေဘက်သို့ ပြန်ရောက်သွားခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲ ရေးတည်ဆောက်ပြီးသည့်နောက် ထာဝရငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည်ဟု သမ္မတကြီးက ကတိပြုခဲ့ပြီးဖြစ်သည်။ နောက်ပြီးထိုဆွေးနွေးပွဲတွင် ပါဝင်အားဖြည့်မည့် နိုင်ငံရေးပါတီများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရများနှင့် ပြည်နယ်လွှတ်တော်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများလည်း ရှိ နေပြီ။ မြန်မာနိုင်ငံသည်လည်း ၁၉၉၃ ခုနှစ်ကလို အထီးကျန်နိုင်ငံမဟုတ်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အားဖြည့် ကူညီပေးမည့် နိုင်ငံတကာအသိုင်းအ၀န်းကလည်း ရှိနေပြီ။  ဒါတွေအားလုံးက ထာဝစဉ်တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့အခြေခံကောင်းတွေပဲဖြစ်သည်။ တစ်ခုသာကျန်တော့သည်။

အဲဒါကတော့ဆွေးနွေးပွဲစားပွဲဝိုင်းဆီကိုအရောက်လာဖို့ပဲဖြစ်သည်။ထိုစားပွဲဝိုင်းကိုလာရမည့်ခရီးကား စစ်တိုက်သည် ထက် ပိုခက်ပါသည်။ ပုဂ္ဂိုလ်ရေးခံစားချက်တွေ၊ နာကြဉ်းချက်တွေကို ဘေးဖယ်ထားဖို့လိုသည်။ဒေါ်အောင်ဆန်းစုကြည်စကား အတိုင်းဆိုရလျှင် မေ့ပစ်ဖို့မဟုတ် ခွင့်လွှတ်ဖို့၊ သင်ခန်းစာဖော်ထုတ်နိုင်ဖို့ဖြစ်သည်။ နောက်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟူ သည် မိမိမှန်ကြောင်း တစ်ဘက်က လက်ခံအောင် ငြင်းခုန်ဆွေးနွေးဖို့မဟုတ်၊ စကားစစ်ထိုးခြင်းမဟုတ်၊  နှစ်ဘက် သဘောတူနိုင်မည့် အချက်တွေကို ရှာဖွေဖို့ဆွေးနွေးဖို့ဆိုတာကို လက်ခံဖို့လိုသည်။ ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ တစ်ရက်၊ တစ်မနက်နှင့် မပြီး စိတ်ရှည်သည်းခံပြီးရေရှည်ဆောင်ရွက်ရမည်ကို သဘောပေါက်ဖို့လိုပါသည်။ ဒါဆိုရင် ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာပဲရှိသည်။ ပထမဆုံးခြေတစ်လှမ်းကို စလှမ်းဖို့ သာလိုပါသည်။

လွင့်မျောနေသည့် အတွေးတွေကို ရပ်ပြီး ဓာတ်ပုံကို လက်နှင့်ဖွဖွလေးပွတ်သပ်မိသည်။ ငြိမ်းချမ်းရေးပျက်ပြားသွားသည့်အတွက် ကွယ်လွန်သွားရှာသူတို့ကို အားနာမိသည်။ သို့သော် ထာဝစဉ်တည်တံ့မည့် ငြိမ်းချမ်း ရေးကိုတည်ဆောက်ခြင်းအားဖြင့် သူတို့ကိုပြန်ပြီးကျေးဇူးဆပ်နိုင်ခွင့်ရှိသေးသည်ဆိုသည့် အတွေးကြောင့်စိတ်ဖြေရာရခဲ့ သည်။

လောလောဆယ်ဆယ်တော့ ဒီဓာတ်ပုံလေးကို ပုံဟောင်းပြင်၊ ပုံကြီးချဲ့သည်ဆိုသည့် ဓာတ်ပုံဆိုင်ကိုပို့ပြီး ပြင်ဆင်ပုံကြီးချဲ့ ရဦးမည်။ ငြိမ်းချမ်းရေးအတွက် စိတ်ပူပန်ရတိုင်း ဓာတ်ပုံကိုကြည့်ပြီး အားတင်းရဦးမည်။ အခြားသူများကိုလည်း မျှဝေပြော ပြရဦးမည်။ မဝေးလှသောအနာဂတ်မှာတော့ မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေးပြတိုက်ကြီးမှာ ဒီဓာတ်ပုံကိုချိတ်ခွင့် ရမည် ထင်သည်။

ရဲထွဋ်

No comments:

Post a Comment