Saturday, January 19, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကိုနိုင်ငံတော်သမ္မတထံ ၄၈ နာရီအတွင်း ပေးပို့မည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၄၈နာရီအတွင်း ပေးပို့သွားမည်ဟု သတင်းထုတ်ပြန်ချက်အမှတ် ၂/၂၀၁၃ ဖြင့် ဇန်န၀ါရီလ ၁၉ရက်က ထုတ်ပြန်ထားကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ ပေးပို့ရန် ဇန်န၀ါရီလ ၁၈ရက်က လွှတ်တော်ဝင်း I-12 အဆောင်တွင် ကျင်းပခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စတုတ္ထအကြိမ်မြောက် စုံညီအစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ဇန်န၀ါရီလကုန်တွင် တင်သွင်းရမည်ဖြစ်ရာ စုံညီအစည်းအဝေးတွင် ကြားဖြတ်အစီရင်ခံစာတွင် ထည့်သွင်းမည့် အချက်အလက် များနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ကော်မရှင် အဖွဲ့ဝင်များမှ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊စံပယ်တောင် ကြေးစင်တောင်နှင့် သတ္တုတွင်း တူးဖော်လုပ်ကိုင်နေ မှုနှင့် ပတ်သက်၍လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျန်းမာရေး လူမှုစီးပွားဘ၀တို့နှင့် ပတ်သက်၍ လေ့လာခြင်းများနှင့် တွေ့ရှိချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ဆရာတော် သံဃာတော်ကြီးများထံ ဦးတင် လျောက် ထားပြီး သြ၀ါဒခံယူချက်များ၊မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေး၍ ပညာရှင်ပေါင်းစုံ ပါဝင်သည့်အဖွဲ့ဖြင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်များအပေါ် အကျိုးသက်ရောက်မှုများကို စိစစ်စေပြီး၎င်းတို့မှ တင်ပြသည့် တွေ့ရှိချက်များအား နိုင်ငံတော်သမ္မတ သိရှိစေရန် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် သတ္တုတွင်းဆိုင်ရာ ကျွမ်းကျင်သည့် ပညာရှင်၊ဥပဒေဆိုင်ရာ ကျွမ်းကျင်သည့် ပညာရှင်များကို ခန့်အပ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် ၀မ်ပေါင်ကုမ္ပဏီ တို့ကို တွေ့ဆုံဆွေးနွေးခဲ့သည့် ကိစ္စရပ်များလည်း အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ပါဝင်သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသည့် ရဟန်းရှင်လူများအား ဆေးကုသမှုနှင့် ပတ်သက်၍ ကော်မရှင်မှ ညှိနှိုင်းဆောင် ရွက်မှုများ၊လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်လည်းကောင်း အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့်လည်းကောင်း ဆွေးနွေးချက်များ စသည့် အချက်များလည်း နိုင်ငံတော်သမ္မတ သိရှိရန် တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတထံသို့ ပေးပို့မည့် ကြားဖြတ် အစီရင်ခံစာသည် နိုင်ငံတော်သမ္မတအနေဖြင့် ကော်မရှင်၏ လုပ်ဆောင်ချက် တွေ့ရှိချက်များကို သိရှိနိုင်ရန် တင်ပြသည့် အစီရင်ခံစာသာဖြစ်ပြီး ထုတ်ပြန်ကြေညာရန် မဟုတ်ကြောင်း၊ အဆိုပါ အစီအရင်ခံစာအား နိုင်ငံတော် သမ္မတထံ ၄၈ နာရီအတွင်း ပေးပို့ သွားမည်ဖြစ်ကြောင်းနှင့် ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်အခါမှသာ အသေးစိတ် အချက်အလက်တို့ကို ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment