Saturday, January 19, 2013

ရေကြည်မြို့ NLDမြို့နယ်ညီလာခံကျင်းပမည့်နေ့တွင် ပါတီဝင်များ ဆန္ဒပြမည်

ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့၌် NLD မြို့နယ်ညီလာခံ ကျင်းပမည်ပြီး အဆိုပါညီလာခံကို ပါတီဝင် (၁၅ဝ)ဦးမှ ကန့်ကွတ်ဆန္ဒပြကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင် သူ ရေကြည်မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါ်ချိုတူးမာက ပြောကြားသည်။
"အဓိကကတော့ တိုင်းကော်မရှင်ဥက္ကဌ ဦးအေးကြူ၊ အတွင်းရေးမှူး ဦးမျိုးညွှန့် နဲ့ ရေကြည်မြို့ နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးစောအောင်တို့က ညီ လာခံကျင်းပတဲ့နေရာမှာ သူတို့တွေ နေရာရှိရေးအတွက် မသမာတဲ့နည်းတွေနဲ့ ဆရာမွေး တပည့်မွေးတွေ လုပ်ခဲ့ကြတယ်၊ မသိနားမလည်တဲ့ ကျေးရွာတွေကို သူတို့လုပ်ချင်သလိုတွေ လုပ်ခဲ့ကြလို့ မခံမရပ်နိုင်ဖြစ်ပြီး ခုလိုဆန္ဒပြရတာပါ"ဟု ၎င်းက ပြောကြားသည်။

သုံးနာရီကြာ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်ရထားပြီး ၁၁နာရီခွဲအချိန်မှ စတင်ကာ ဗိုလ်ချုပ်နေဝင်းရပ်ကွက် NLDရုံးမှ ကြာကန်အုပ်စု NLD ရုံးအထိ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ရေကြည်မြို့နယ်NLDညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဌဖြစ်သူ ဦးစောအောင် က "သူတို့တွေက အုပ်စုဖွဲ့ ပြီး တော့ လှုပ်ရှားနေတဲ့သဘော ရှိတယ်။ ဒီနေ့လည်း သူတို့တွေ လာညှိကြပါသေးတယ်။ နောက်ဆုံးအခြေအနေအထိ အလျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြမယ် သပိတ်မှောက်မယ်၊ ညီလာခံပျက်စီးရာပျက်စီးကြောင်းကို လုံးပမ်းနေတဲ့အတွက် သူတို့တွေနဲ့ ညှိနှိုင်းလို့ မရခဲ့ပါဘူး "ဟု
ပြောကြားသည်။

ယခင်က မြို့နယ်ပါတီရုံး ပြောင်းရွှေ့ခြင်းကို မကျေနပ်၍ သပိတ်မှောက်ခဲ့ကြသူများထဲမှ ၈ ဦးအား တိုင်းကော်မရှင်မှ တာဝန်ရပ်စဲထားခြင်းများ လုပ်ခဲ့ပြီး ယခုဆန္ဒပြပွဲကို ဦးဆောင် သူများတွင် ၎င်းတို့ထဲမှ တချို့ပါဝင်ကြကြောင်း ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း NLDပါတီ မြို့နယ်ညီလာခံ ကျင်းပမည့်နေ့တွင် ဆန္ဒပြမည်မှာ ယခုနှင့်ဆို ဒုတိယအကြိမ် မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ၁၇ရက်နေ့ကလည်း မအူပင်မြို့တွင် ညီလာခံကျင်းပသည့်နေတွင် ပါတီဝင် (၂၅ဝ)မှ ဆန္ဒပြခဲ့ကြသည်။

ထက်နောင်နောင်
The Myanma Age

No comments:

Post a Comment