Tuesday, February 19, 2013

အရှင် သဇ္ဇန ဆေးရုံမှ ဆင်းမည့်အရေး မြန်မာသံရုံးမှ ဆောင်ရွက်ပေးမည်


လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခြင်းမှ မီးလောင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့၍ အရေပြား အစားထိုး ကုသ ရသည့် ကိုရင် ရှင်သဇ္စန သည် ဆေးရုံမှ ဆင်းနိုင်တော့မည် ဖြစ်၍ လိုအပ်သည့် ကိစ္စရပ် များကို မြန်မာ သံရုံးမှ လိုက်လံ လုပ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သံအမတ်ကြီး ဦးမျိုးတင့်က ပြောသည်။

ယနေ့ ညနေပိုင်း၌ သံအမတ်ကြီး ဦးမျိုးတင့်မှ “ထိုင်းအစိုး ရဘက်က ကိုရင်လေးကို ဆေးရုံ ဆင်းခွင့် ပေးချင်
နေပြီဗျာ၊ ပေးလို့ ရပြီလို့ ပြောလာတယ်၊ အဲဒါ ဆေးရုံက အကြောင်းကြား လာတော့ ဒီရက်ပိုင်း အတိုင်း ဆေးရုံက ဆင်းပြီး မြန်မာပြည် ပြန်နိုင် အောင်နဲ့ ဟိုရောက်ရင် ကျန်းမာရေး ဝန်ကြီး ဌာနနဲ့ ချိတ်ဆက်ပြီး လိုအပ်မယ့် ဆက်လက် ကုသ ရမှုတွေ လုပ်နိုင်အောင် စီစဉ် ပေးဖို့ အခု ဆေးရုံကို သွားနေ ပါတယ်” ဟု မဇ္ဈိမအား
ပြောကြားခဲ့သည်။

မုံရွာခရိုင်ရှိ ကြေးနီ စီမံကိန်း ရပ်တန့်ရန် တောင်းဆို သပိတ်မှောက်သည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးသောက်ပိုင်းတွင် ရဲ တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခြင်းကြောင့် သံဃာ အပါး ၁၀၀ ကျော်နှင့် လူအချို့ မီးလောင် ဒဏ်ရာ ရရှိခဲ့ရ ခြင်းလည်း ဖြစ်သည်။

သက်တော် ၁၄ နှစ်အရွယ် ရှင်သဇ္ဇနသည် ယခင်က ရန်ကုန် အရေပြား အထူးကု ဆေးရုံတွင် တက်ရောက် ကုသ နေရာမှာ ခြေကျင်းဝတ် ဒဏ်ရာ မသက်သာ သည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကာ အရေပြား အစားထိုး ကုသမှု ၅ ကြိမ် ခံယူခဲ့ပြီး ဖြစ်သည်။

လက်ရှိ၌ အရှင် သဇ္ဇနမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကာ ကျန်းမာရေး အတွက် ဆက်လက် လိုအပ်မည့် ကျန်းမာရေး လေ့ကျင့်ခန်း များနှင့် နောက်ဆက်တွဲ ကုသမှု ငယ်များ ဆက်လက် လုပ်ဆောင် သွားရဖွယ် ရှိပါသည်။ အရှင် သဇ္ဇန ပြန်မည့် ရက်ကို နှစ်ဘက် ညှိနှိုင်း ရမည် ဖြစ်ကာ ယခု ရက်ပိုင်း အတွင်း ပြန်နိုင် မည်ဟုလည်း ဆိုသည်။

သို့သော်လည်း အခြား သံဃာတော် တစ်ပါး ဖြစ်သည့် အရှင် တိက္ခဥာဏမှာ ရက်သတ္တပတ် အတန် ကြာခန့် ဆက်လက် ကုသ သွားရ ဦးမည် ဖြစ်သည်။ လက်ပံတောင်း အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ဦးတိက္ခဉာဏသည် ဒဏ်ရာ အပြင်း ထန်ဆုံး ဖြစ်ပြီး ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိ ခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံ ကြီးတွင် တက်ရောက် ကုသ နေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းအစိုးရ စစ်ဆေးရုံသို့ ပြောင်းရွှေ့ ကုသ ခဲ့သည်။

ဦးဇင်း ဦးတိက္ခ ဥာဏ တစ်ပါးတည်း အတွက် ဗန်ကောက် ပုဂ္ဂလိက ဆေးရုံ၌ ဆေးဝါး ကုသမှု ကုန်ကျ စရိတ်မှာ ထိုင်းဘတ်ငွေ သုံးသန်း ခြောက်သိန်း ခန့် ရှိကြောင်း သံအမတ်ကြီးမှ ပြောပြီး ၄င်း ကုန်ကျစရိတ်ကို နိုင်ငံတော် အစိုးရမှ ကုန်ကျ ခံမည် ဖြစ်သည်။

သို့သော် ထိုင်းစစ်ဆေးရုံသို့ နှစ်ပါးစလုံး ပြောင်းရွေ့ ကုသမှု ခံယူကြပြီးနောက် ထပ်မံ ကုန်ကျမည့် စရိတ်များကိုမူ ထိုင်းနိုင်ငံ ခြားရေးမှ ကျခံ ပေးမည်ဟု သံအမတ် ကြီးမှ ဆက်ပြောသည်။

“ ဦးဇင်း ဦးတိက္ခညာဏ ဗန်ကောက် ဆေးရုံ ကုန်ကျစရိတ်ကိုတော့ သမ္မတကြီးညွှန်ကြားချက်နဲ့ နိုင်ငံတော် ကနေ ကျခံပေးတယ်၊ ဘတ်ငွေ သုံးသန်း ခြောက်သိန်းလောက်ရှိတယ်၊ နောက်ပိုင်း ကော်မရှင်က မေတ္တာ ရပ်ခံတဲ့အနေ အထားအရ ဒီထိုင်း စစ်ဆေးရုံကို ပြောင်းလာတဲ့ အပိုင်းရဲ့ ကုန်ကျစရိတ်ကိုတော့ ထိုင်း နိုင်ငံခြားရေးက ကျခံပေးမယ်လို့ သိထားရတယ်၊ ပမာဏ ကိုတော့ ကျွန်တ်ာတို့ မသိရသေးဘူးဗျ” ဟု သံအမတ်ကြီး ဦးမျိုးတင့် မှ မဇ္ဈိမအား ပြောကြား ခဲ့သည်။

မြန်မာ အစိုးရမှ သပိတ်စခန်း ဖြိုခွဲရာတွင် မီးခိုးဗုံးကိုသာ အသုံးပြု ခဲ့သည်ဟု ကော်မရှင်အနေနှင့် အစောပိုင်းတွင် သတင်း ထုတ်ပြန်မှု ရှိခဲ့ပြီး မီးလောင်ကျွမ်းစေနိုင်သည့် အဖြူရောင် Phosphorous ပါ မီးလောင်ဗုံး သုံးစွဲခဲ့ခြင်း မရှိဟုလည်း ငြင်းဆို ခဲ့သည်။

အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေများနှင့် မြန်မာ နိုင်ငံသား ရှေ့နေများ ပူးပေါင်းအဖွဲ့ ၏ စုံစမ်း စစ်ဆေး တွေ့ရှိချက်အရ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲရာတွင် မီးလောင်ကျွမ်း စေနိုင်သည့် အဖြူရောင် Phosphorous ပါ မီးလောင်ဗုံး သုံးစွဲခဲ့ကြောင်း အမေရိကန် အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

သို့သော်လည်း ၄င်းကိစ္စနှင့် ပတ်သက်၍ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကမူ ၄င်း ပြောဆိုချက်များအား ပယ်ချကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်ကိုသာ အတည်ပြုနိုင်မည်ဟု AFP သို့ ပြောကြားထားသည်။  
mizzima

No comments:

Post a Comment