Tuesday, February 19, 2013

လမ်းလျှောက်တာ လှရုံနဲ့ မော်ဒယ်မဖြစ်ဘူးလို့ ဆိုလိုက်တဲ့ တင်မိုးလွင်


(အင်တာဗျူး)

တစ်ခေတ် တစ်ချိန်က မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်လောက် လွယ်လွယ်ကူကူ မဟုတ်ဘဲ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။  တိုးတက်လာတဲ့ ဒီနေ့ခေတ်နဲ့အညီ လက်ရှိမှာ မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေလဲ အများကြီးရှိနေပါတယ်။   မော်ဒယ် သင်တန်းတွေ အများကြီးရှိလာသလို မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက်လဲ နိုင်ငံတကာ အခွင့်အလမ်းတွေလည်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။


ဒါကြောင့် လက်ရှိ မော်ဒယ်လောက အခြေအနေတွေကို မော်ဒယ်မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့  Talent & Model Agency က မတင်မိုးလွင်နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပပြုလုပ်တဲ့ Miss Myanmar International 2013 ပဏာမ ရွေးချယ်ပွဲမှာ ခဏတာ တွေ့ဆုံမေးမြန်းခဲ့တာတွေ ထဲက တစ်ချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။ မနှစ်က ဒီပြိုင်ပွဲကနေ ဆုရရှိခဲ့တဲ့ နန်းခင်ဇေယျာက ဂျပန်နိုင်ငံထိသွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ မော်ဒယ် ဈေးကွက် အနေအထားလေး သိပါရစေ။

ဈေးကွက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် မော်ဒယ်အလုပ်နဲ့ ရပ်တည်ဖို့တော့ ခက်သွားတယ်။ တော်ရုံတန်ရုံ ကြည့်ကောင်းပြီး အဆင်ပြေတယ်ဆိုရင် အမြင်အားဖြင့်ကောင်းတယ် ဆိုရင် ဒီလိုပဲဆွဲယူပြီး သုံးလိုက်ကြတာဖြစ်တဲ့ အတွက် ကြောင့်မို့
မော်ဒယ်ဖြစ်ဖို့က အရမ်းလွယ်သွားတယ်။ ဒါပေမယ့် နာမည် ကောင်းပြီတော့ လူကြိုက်များတဲ့ မော်ဒယ်ဖြစ်ဖို့ကတော့ အရမ်းခက်သွားပြီ။ ဘာ့ကြောင့်လဲဆိုတော့ Crown ဆောင်းတဲ့သူများလာတယ် မော်ဒယ်ဖြစ်ဖို့ သင်ခန်းစာတွေကို လွယ်ကူစွာတတ်ကျွမ်းဖို့လဲ သင်တန်းကျောင်းတွေက သင်ပေးတဲ့အတွက် များလာတယ်။ စိတ်ဓာတ်ဆိုတဲ့ တစ်ခုကတော့ မပါတဲ့အတွက် ရေရှည်ခံဖို့ကတော့ ခက်သွားပြီ။ ၄ နှစ် ၅ နှစ် အထက်ခံတဲ့ မော်ဒယ် ဆိုတာ တော်တော် ရှားသွားပြီ။

ဒီနောက်ပိုင်း International ပြိုင်ပွဲ တွေလဲ ရှိလာတော့ ဆောင်ရန်ရှောင်ရန် လုပ်သင့်တာလေးတွေ
ပြောပါဦး။

အဓိကကတော့ မြန်မာပြည်ရဲ့ အနုပညာ ဈေးကွက်က တော်တော်လေး ဖွံဖြိုးလာတော့ လူတိုင်းက အနုပညာရှင်
ဖြစ်ချင်ကြတယ်။ ဒါ့ကြောင့်လဲ အနုပညာရှင်ဖြစ်မယ့် နည်းလမ်းတွေ ရွေးတဲ့အခါ မော်ဒယ် နေရာကနေဝင်တယ် Miss နေရာကနေဝင်တယ် အားကစားသမားတွေတောင်မှ အနုပညာရှင် မဟုတ်ပေမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ တွက်ဖက် လုပ်ဆောင်လိုက်ရင် အားကစားသမားတွေလဲ ကျော်ကြားတဲ့ Celebrity ဖြစ်လာပြီးတော့ သူတို့တွေ အတွက်လဲ အနုပညာကြေးတွေ ကျော်ကြား မှုကြေးတွေ ဖြစ်လာ ကြတော့ ဒီလိုဈေးကွက်တွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် လူငယ်တွေက အလောသုံးဆယ် ဖြစ်လာတယ် Brand Ambassador ဖြစ် လိုက်တာနဲ့ ငွေကြေး အမြောက်အမြား ရတယ် ဒါပေမယ့် Brand Ambassador ရဲ့ သံတမန် ဖြစ်ဖို့ ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းရမယ်ဆိုတာ မေ့နေကြတယ်။
ရေပွက်ပမာခဏတာ ပါပဲ။ တကယ်သာ မထိန်းရင် ပြန်ကျသွားနိုင် ပါတယ်။

Miss Myanmar International တစ်ယောက် ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ် ပါသလဲ။

အဓိကက International ကိုမှီနိုင်တဲ့ သွင်ပြင်၊ အရပ်၊ ခန္ဒာကိုယ်အတိုင်းအထွာ၊ ကိုယ်အလေးချိန် ၁၅ စက္ကန့် အတွင်းက အသွင်အပြင်ကို အရင်ကြည့်တာ။  ပြီးရင် International language ရဲ့ အခြေခံကို တတ်ရမယ်။ ပညာအရည်အသွေး၊ စိတ်ဓာတ်အရည်အသွေး၊ လုပ်ကိုင်ဆောင်ရွက်မှု အရည်အသွေး၊ အတွေ့အကြုံ ၊ စိတ်နေစိတ်ထား သူဟာ လှိုက်လှိုက် လှဲလှဲနဲ့ တကယ်ကို ကိုယ်စားပြုချင် တာလား သဘာဝ ဘေးဒဏ်တွေဖြစ်တဲ့ နေရာတွေ HIV AIDS ဖြစ်တဲ့ နေရာတွေ ဆွံအနားမကြား နေရာတွေကို တစ်ခုထဲသွားပြီး ငွေလေးကောက်လှူ လိုက်တာမျိုး တစ်ခုထဲ လုပ်ပြတာ မဟုတ်ဘူး သူ့ဟာနဲ့သူ Program လေးဆွဲပြီး သူ့အချိန်လေးနဲ့သူ သူ့စိတ်ဓာတ် ကလေးကို နေ့စဉ် လစဉ်ဖော်ပြ နေတာမျိုးလေး လုပ်သင့်တယ်လို့ မမိုးက ထင်ပါတယ်။

သာမာန် လူတစ်ယောက်ပဲ ဖြစ်ဖြစ် မော်ဒယ် တစ်ယောက်ပဲ ဖြစ်ဖြစ် ပြုမူနေထိုင်သင့်တယ်လို့ ထင်တဲ့ပုံစံက ဘယ်လိုဖြစ်မလဲ။

တစ်ချို့တွေက အရည်အသွေးတွေက အကုန် ပြည့်စုံတယ် ဘယ်လိုမှ smart မကျ တာရှိတယ်။ ထင်ရှားပေါ် လွင် ဖို့က smart ကျဖို့လဲ လိုတယ်။ အရည်အသွေး ပြည့်စုံနေတဲ့ ခေတ်သစ် အမျိုးသားအမျိုးသမီးများအနေနဲ့ သင်တန်းတက်မှ မတက်မှ မဟုတ်ဘူး ကိုယ့်ကိုကိုယ် နေ့စဉ်ဘဝကို စမတ်ကျအောင် ကြိုးစားလေ့ကျင့်ပြီး နေထိုင်ပါလို့ ပြောချင်ပါတယ်။ တချို့ကျ အရည်အသွေး အကုန် ပြည့်စုံ တယ် ဘယ်လိုသင်သင် စင်ပေါ်မှာ ပေါ်လွင်မှုမရှိဘူး အဲတာမျိုး ကလဲပဲ သူ့ရဲ့ အားနည်းချက်ပေါ့။

ခေတ်နဲ့အညီ ပြောင်းလဲ လာတယ် အခွင့်အလမ်းတွေလဲများစွာ ပေါ်ထွက် လာတဲ့အခါ လူငယ်တွေ မှာရော ဘယ်လို ပြောင်းလဲမှုတွေ ရှိလာလဲ။

အခွင့်အလမ်းတွေအများကြီး ရှိလာပေမယ့် ပြောင်းလဲလာတာက စိတ်ဓာတ်ပါပဲ။ ပိုပြီးတော့ ဆိုးလာတယ်။ အဲတာကို အဖတ်ဆယ်ဖို့ကတော့ တော်တော်ကို ခက်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ရိုက်ခတ် ရိုက်ခတ် ဘယ်လိုပဲ ဆွဲဆောင် မကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ မကောင်းတဲ့အပြုအမူ ဆိုရင် တောင့်ခံထားပြီး မလုပ်ဖို့လိုပါတယ် မတောင့် ခံနိုင်ဘူး ဆိုတဲ့ စိတ်ကတော့ ဘယ်လိုမှ တန်ဖိုး မရှိပါဘူး ဘယ်လိုပဲအောင်မြင် နေပါစေ နောက်ပိုင်းမှာ လူတွေက ရွံရှာသွားမှာပဲ။

Miss Myanmar International တစ်ယောက် ဖြစ်သွားပြီ ဆိုရင် ဘယ်လို ပြုမူနေထိုင် သင့်တယ် ထင်ပါသလဲ။

အမြဲတမ်း ကိုယ့်ရဲ့ ပုံရိပ်က မြန်မာပြည်ကို ကိုယ်စားပြုနေမှာပဲ သူ့ကို မြင်ရင် လူတွေကအော် မြန်မာဆိုတာ ဒီလို ကျက်သရေ မင်္ဂလာနဲ့ ပါလားဆိုပြီး မြင်လောက်အောင်ကို အဲလို ပုံရိပ်မျိုး နေသင့်တယ်။

နောက်ပိုင်း မှာကော မော်ဒယ်ဈေးကွက် အနေအထားက ဘယ်လို ဖြစ်လာ နိုင်ပါသလဲ။

နောက်ပိုင်း ဆိုရင် ဒီ့ထက်တောင်မှ မော်ဒယ်လောကက အယိုအယွင်း ပျက်စီး ပိုများမယ်လို့ ထင်တယ်။ တစ်ပွဲ ထိုးလေးတွေလုပ်လိုက် ပြီးရင် အနုပညာ သို့မဟုတ် စီးပွားရေးဘက် ဒါမှမဟုတ် ပိုက်ဆံချမ်းသာဖို့နဲ့ ဘဝကို အခြေခိုင်ဖို့ သွားကြတော့ ဒီလိုငါးပွက်ရာငါးစာချ စိတ်ဓာတ်ကတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါ့ကြောင့်မို့ တချို့ဆို ၆ လလောက်နဲ့
ပျောက်ကွယ်သွားတယ် တချို့ဆို တစ်နှစ်လောက်နဲ့ ပျောက်ကွယ်သွားတယ်။ တချို့ဆို လုံးဝကို ပေါ်မလာတော့ဘူး အဲလိုမျိုးတွေ ဖြစ်ကုန်တယ်။ ကြီးပွားဖို့ပဲ ဖြစ်နေတော့ အရည်အချင်းတွေ လျော့လာ ကြတယ်။

အရင်က မော်ဒယ်တစ်ယောက် ဖြစ်ခွင့်ရဖို့က အရမ်းခက်ခဲပါတယ် ဒီနောက်ပိုင်း သင်တန်းအခွင့်အလမ်းတွေ များလာတဲ့အခါ မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက် လွယ်ကူသွားပြီလို့ ပြောနိုင်လား။

အရင်က အရမ်း ခက်ခဲပါတယ် ပွဲလဲနည်းတယ်။အများကြီး သေချာ ကြိုးစား လေ့ကျင့် အချိန်ယူပြီးမှ ပွဲအလာကို
စောင့်ရတယ်။ ကျွန်မတို့တုန်းက မော်ဒယ်သင်တန်း ဘာညာ မရှိပေမယ့် ကုမ္ပဏီက လူကြီး တွေနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကို ပျိုးထောင်တယ် မြန်မာနိုင်ငံကာယဗလနဲ့ ကာယဗလအဖွဲ့ချုပ် က လူကြီးတွေက အရမ်းကို system ကျပြီး အရမ်းကောင်းကြတော့ ကျွန်မတို့တွေ ဖြစ်တည်လာခဲ့တာပေါ့နော်။ ပိုကောင်းတဲ့ နည်းလမ်းစနစ်တွေ သုံးပေမယ့် သူတို့မှာ ပါလာတဲ့ အခြေခံ စိတ်ဓာတ်တွေကို ကျွန်မတို့က မပြုပြင်နိုင်ဘူး ဖြစ်နေတယ်။

မျိုးဆက်သစ်လူငယ်တွေ အများကြီး ပေါ်ထွက်လာတဲ့အခါ မတင်မိုးလွင် အနေနဲ့ ဘယ်လိုကွဲပြားခြားနား တာတွေ မြင်တွေ့လာရတာမျိုး ရှိလဲ။

အဓိကကတော့ စိတ်နေစိတ်ထား ပါပဲ။ ကျွန်မတို့က ခေတ်နောက်ကျ ကျန်တဲ့အမျိုးသမီးတွေလဲ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင်လဲ မိဘတွေနဲ့ ဘိုးဘွားတွေက ခေတ်မှီစွာနဲ့ ခွင့်ပြုပေးခဲ့ကြလို့ ဒီလိုမျိုးခေတ်မှီတဲ့ ခေတ်သစ် စီးပွားရေးတွေကို လုပ်ခွင့်ရတာပါ။ ဒါပေမယ့် ကျွန်မတို့မှာ အကန့်အသတ်ဘောင်ဆိုတာ ရှိပါတယ်။ ဘောင်ကို ကျော်လို့မရပါဘူး
ဘောင်ကိုကျော်သွားရင် မျိုးနွယ်ကို ထိခိုက်မယ် လူမျိုးကို ထိခိုက်မယ်။ ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မယ်။ ကိုယ့်ပတ်ဝန်းကျင် ကို ဆွဲချသလို ဖြစ်မယ်။ ဒါ့ကြောင့်မို့ ကျွန်မတို့က ဘယ်သူ့ကိုမှ မထိခိုက်ပဲနဲ့ လူတိုင်းလဲ
ပျော်ရွှင်အောင်မြင်စေမယ့် Win Win ဆိုတဲ့ နည်းလမ်း ကို သုံးပါတယ်။ အခုခေတ် ကလေးတော်တော်များများက ကိုယ်တိုင်ပဲ Win ဖြစ်တာကိုပဲသုံးတယ် သူများ lose ဖြစ်တာကို လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်လာတာ ကွာဟသွားတာကတော့ အဲအချက်လို့ ထင်ပါတယ်။

မတင်မိုးလွင် အနေနဲ့ နောက်ထပ်တက်လာမယ့် မျိုးဆက်သစ် လူငယ်တွေကို ဘာများ ပြောချင်ပါသလဲ။

လမ်းလျှောက်တာ လှရုံနဲ့ မော်ဒယ်မဖြစ်ဘူးလို့ ပြောချင်ပါတယ်။ အမူအကျင့်နဲ့ စိတ်နေစိတ်ထားက အဓိကလို့
ပြောချင်တယ်။ လူဆိုတာ ဘယ်သူမဆို ကောင်းတာနဲ့ သန့်တာကိုပဲ ကြိုက်ကြတာလေ ကောင်းပြီးသန်တဲ့ ပစ္စည်း မှန်သမျှလဲ ဈေးကြီးပေးဝယ် ရပါတယ်။ ဒါ့ကြောင့် ဈေးကြီးချင်တယ် ဆိုရင်တန်ဖိုး တက်ချင်တယ်ဆိုရင် ကောင်းပြီး သန့်အောင် နေပါ။ ဖြစ်ပြီးရော ဆိုတာမျိုးကတော့ ဈေးနိမ့်နိမ့်နဲ့ အပေါစားပဲ ဖြစ်မယ် ဆိုတာလေးကိုတော့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
mizzima

No comments:

Post a Comment