Wednesday, February 20, 2013

ကုလသမဂ္ဂညီလာခံတွင် တောင်ကိုရီးယားကို အပြီးသတ် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်


2.20.4မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စမ်းသပ်မှု အောင်မြင်ပြီးနောက် ပြုလုပ်သော အောင်ပွဲခံ အခမ်းအနားတွင် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်များအား တွေ့မြင်ရပုံ


ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်သော ကုလသမဂ္ဂ ညီလာခံတွင် တောင်ကိုရီးယားကို အပြီးသတ် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးခင်က တတိယမြောက် နျူကလီးယား စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့ တင်းမာမှုများ ကြီးထွားလာနေသည့်ကြားမှ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကာ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ဆောင်ရွက်ခဲ့သည့် နျူကလီးယား စမ်းသပ်မှုပြီးနောက် တောင်ကိုရီးယားက ၎င်းတို့အနေဖြင့် တိုက်ခိုက်ခံရမှု အန္တရာယ် ကျရောက်လုဆဲဆဲ ရှိနေပြီဟု ခံစားရပါက တိုက်ခိုက်မှုကို စတင်ပြုလုပ်နိုင်သည်ဟု မြောက်ကိုရီးယားနိုင်ငံအား သတိပေးခဲ့သည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယား သံတမန် Jon Yong Ryong က ကုလသမဂ္ဂ အစည်းအဝေးတွင် “ဒီလိုပြောလိုက်တာဟာ ခွေးပေါက်စလေးက ကျားတစ်ကောင်ကို ကြောက်ရကောင်းမှန်း မသိသလိုမျိုးပါပဲ။ တောင်ကိုရီးယားရဲ့ အပြောင်းအလဲမြန်တဲ့ အပြုအမူဟာ အပြီးသတ် ဖျက်ဆီးခံရခြင်းရဲ့ ရှေ့ပြေးပဲ ဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။ သူ၏ ပြောကြားချက်ကို တောင်ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့ အပါအ၀င် အခြားနိုင်ငံများက ချက်ချင်းတုံ့ပြန် ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Joanne Adamson က ယင်းကဲ့သို့သော စကားလုံးများ သုံးစွဲမှုမျိုးမှာ လုံးဝသင့်တော်မှု မရှိကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအား ဖျက်ဆီးနိုင်ခြေ ရှိခြင်းကို ရည်ညွှန်းသည့် မည်သည့် ထုတ်ဖော်ပြောကြား ခြင်းမျိုးကိုမှ ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အစိုးရက နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန် တွန်းအားပေးနေသည့် အမေရိကန်၏ ရန်လိုမှုကို တုံ့ပြန်သည့် အနေဖြင့် သူ၏ ကာကွယ်ရေးကို မြှင့်တင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ စပိန်သံအမတ် Javier Gil Catalina ကလည်း မြောက်ကိုရီးယားနိုင်ငံ၏ မှတ်ချက်သည် အံ့သြတုန်လှုပ်ဖွယ် ကောင်းကြောင်းနှင့် ယင်းမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ အမေရိကန် သံအမတ် လော်ရာကနေဒီကလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သော မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအတွက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရပါကြောင်းနှင့် ယင်းသည် ရန်စစော်ကားမှု ဖြစ်ကြောင်း တုံ့ပြန်ဝေဖန်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော ကုလသမဂ္ဂ ညီလာခံတွင် လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသော နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် တရုတ်နိုင်ငံတို့မှာ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြားမှု မရှိခဲ့ပေ။
သီးခြားရရှိသော သတင်းတစ်ရပ်အရ အာဆီယံအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် Le Luong Minh က အာဆီယံအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့သော မြေအောက်နျူကလီးယား စမ်းသပ်မှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအပေါ် သက်ရောက်မှု ရှိလာမည်ကို အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြခဲ့ကြောင်း သိရသည်။
Ref: Daily Mail, China Daily
EMG

No comments:

Post a Comment