Wednesday, February 20, 2013

ဆိုက်ဘာတိုက်ခိုက်မှုများ နောက်ကွယ်တွင် တရုတ်စစ်ဘက်အဖွဲ့အစည်း ပါဝင်နေဟုဆို

Hackerများ၏ ထိုးဖောက်တိုက်ခိုက်မှုများအနက် တရုတ်နိုင်ငံမှ လျှို့ဝှက် စစ်ဘက် နည်းပညာအဖွဲ့အစည်း တစ်ခု၏ ထောက်ပံ့မှုများ ရှိနေနိုင်ကြောင်း အမေရိကန် နည်းပညာလုံခြုံရေး ကုမ္ပဏီတစ်ခုက ပြောကြားလိုက်သည်။ အမေရိကန်တွင် ကြုံတွေ့ခဲ့ရသည့် နည်းပညာပိုင်းဆိုင်ရာ ဆိုင်ဘာတိုက်ခိုက်ခံရမှုများအတွက် တရုတ်နိုင်ငံရှိ ရှန်ဟိုင်းတွင် အခြေစိုက်သော Unit 61398 အမည်ရှိ စစ်ဘက်ဆိုင်ရာ Hacker အဖွဲ့အစည်း တစ်ခု၏ စနက် မကင်းကြောင်း နည်းပညာ လုံခြုံရေး ကုမ္ပဏီ
Mandiantက စွပ်စွဲလိုက်သည်။ အဆိုပါ Hackerအဖွဲ့အစည်း ယူနစ်သည် အလွန်ကျစ်လစ်ပြီး အဆင့်မြင့်သည့် စစ်လက်နက် တစ်ခုသဖွယ် အသုံးချခြင်း ခံနေရကြောင်းလည်း Mandiantက ယူဆထားသည်။ ယင်းယူနစ်ကို တုံ့ပြန်ရန်မှာ အန္တရာယ်များပြီး စွန့်စားရမည့် အခြေအနေမျိုးဟုလည်း တနင်္လာနေ့က အဆိုပါ လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီက ကြေညာခဲ့သည်။

"တရုတ်နိုင်ငံက မြစ်ဖျားခံလာတဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက် ဂရုပြုဖို့ လိုလာပါပြီ။ ကျွန်တော်တို့ ဘက်ကလည်း ကိုယ်ပိုင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး လုံခြုံရေးဆိုင်ရာ ပညာရှင်တွေကို စုဆောင်းသင့်ပါတယ်။ ပြီးတော့ အဲဒီခြိမ်းခြောက်လာမှုကို သက်ရောက်မိ ထိထိရောက်ရောက်ဖြစ်အောင် ရင်ဆိုင်ရမှာပါ"ဟု Madiantက ပြောကြားခဲ့သည်။ Unit 61398သည် ရှန်ဟိုင်းရှိ ပူဒေါင်းဒေသတွင် တည်ရှိနေသည်။ ယင်းနေရာသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ်လုပ်ငန်း အချက်အခြာ ကုန်သွယ်မှု ရပ်ဝန်းလည်း ဖြစ်သည်။ ထိုနေရာတွင် အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင် ရေလည်စွာ ပြောဆိုတတ်သူ၊ ITနည်းပညာ နယ်ပယ်တွင် အလွန်ထူးချွန်သူ ပညာရှင် အမြောက်အမြားလည်း ရှိနေသည်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကမူ ယခုသတင်းအပေါ် တစ်စုံတစ်ရာ တုံ့ပြန်မှု မပေးသေးချေ။ Mandiantက Unit 61398သည် (၂၀၀၆)ခုနှစ် အစောပိုင်း ကတည်းက စတင်ကာ အနည်းဆုံး အဖွဲ့အစည်း (၁၄၁)ခု၏ သတင်း အချက်အလက်များကို ထိုးဖောက် ခိုးယူခဲ့ကြောင်း စွပ်စွဲခဲ့သည်။ Mandiant၏ လေ့လာမှုအရ Unit 61398၏ ဒဏ်ကို အဓိက ခံခဲ့ရသော သားကောင်များသည် အမေရိကန် လုပ်ငန်းများနှင့် အဖွဲ့အစည်းများဖြစ်ပြီး ဗြိတိန်နှင့် ကနေဒါတို့မှ အနည်းအကျဉ်း ပါဝင်ကြောင်းလည်း သိရသည်။

Source: Reuter


No comments:

Post a Comment