Sunday, March 31, 2013

လောဘ ဒေါသနှင့် မောဟ အမှောင် သတိပြုရှောင်

လောက၌ မည်သည့် ကိစ္စတွင် မဆို ပြုလုပ်ပြီးသည့် နောက်မှ နောင်တကြီးစွာ ရခြင်းထက် မပြုလုပ်မီက စဉ်းစား ဆင်ခြင်ခြင်းအားဖြင့် နောင်သောအခါ နောင်တမဖြစ်စေရခြင်းသည် အဆပေါင်း ရာထောင် ကောင်းမြတ် ကြောင်းကို ပညာရှိ အစဉ် အဆက်တို့ မကြာခဏ ဆိုဆုံးမ ခဲ့ကြသည်။
ထိုမှတစ်ပါး လူတို့အား သတိပေးသည့် ပုံဝတ္ထု ရှိချေ သေးသည်။ ရှေးသောအခါက လုလင်တစ်ယောက်သည် ဆရာ့ထံ၌ ပညာသင် ပြီးနောက် မိမိနေရပ်သို့ ပြန်မည့် ဆဲဆဲတွင် ဆရာက မှာလိုက်သည်။ ''ငါ့တပည့် မည်သည့် အမှု ကိစ္စကိုမျှ စူးစမ်းဆင်ခြင်ခြင်းမပြုဘဲ မပြုလုပ် လေနှင့်၊ ဆရာ့စကား မြဲစွာမှတ်၍ ပြန်လေတော့'' ဟု ညွှန်ကြား ဆုံးမ လိုက်သည်။ လုလင်သည် ''ကောင်းပါပြီ''ဟု ဝန်ခံလျက် ဆရာအားကန်တော့၍  မိမိရပ် ရွာသို့ ပြန်လေ သည်။ ရပ်ရွာ သို့ ရောက်လျှင် သတို့ သမီး တစ်ဦးနှင့် ထိမ်းမြား ရာမှ သားတစ်ယောက် ထွန်းကား ချိန်တွင် အရပ် တစ်ပါးသို့ သွားရောက် ရောင်းဝယ် ဖောက်ကားလျက် ရှိရာ မိမိ ရပ်ရွာ သို့ နှစ် ကာလ ကြာရှည်စွာ ပြန် မရောက်ခဲ့ပေ။ အရပ် လေးမျက်နှာသို့ လှည့်လည်ကုန်သွယ်ခြင်းဖြင့် ဥစ္စာဘဏ္ဍာရရှိခဲ့သော အခါမှ အသပြာထုပ် ကို ပိုက် လျက် ရပ်ရွာသို့ ပြန်ခဲ့သည်။
မိမိ ရပ်ရွာသို့ ညချမ်း အချိန်တွင် ဆိုက်ရောက် လာသဖြင့် အိမ်ပေါက်ဝ သို့သွား၍ သားမယားအား နှုတ်ဆက် အံ့ဟု ကြည့်လေရာ မိမိ ဇနီးသည်မှာ လူတစ်ယောက်နှင့် ယှဉ်တွဲအိပ်နေသည်ကို မြင်သော်ဓားကိုဆွဲ၍ နှစ်ဦး စလုံးကိုခုတ်သတ်မည် ပြုပြီးမှ မိမိဆရာမှာလိုက်သည့် မစူးစမ်းဘဲ မပြုနှင့်ဟူသောစကားကို သတိရကာ ဓားကို ပြန်၍ရုပ်သိမ်းလိုက်သည်။ ထိုအခိုက်ဇနီးသည် နိုးလာပြီး အမောင် ဒေါသအလျောက် မဖြစ်ပါ စေလင့်ဦး။ ဤသူငယ်ကား အမောင်နှင့်ငါတို့ သားတည်း။ အမောင် ကုန်သွယ် အံ့သောငှာ သွားသည် မှစ၍ ငါ၌ အခြား မရှိ။ ဤသား တစ်ယောက် သာလျှင် ချစ်မြတ် နိုးဖွယ်ရာ ရှိသဖြင့် ငါတို့ သား အမိအတူနေ၊ အတူ စား၊ အတူအိပ်ခဲ့ ပါသည်ဟု ရှင်းပြ၏။ ထိုအခါ လုလင်က ငါ့ဆရာ စကားကို သတိရ၍ မသတ်မိဘဲ ရှိချေသည်။ ငါ့ဆရာစကား သတိမရ၍ သတ်မိ ချေကသားရောမယားပါဆုံးရှုံးရအံ့တကားဟု ဆရာအားကျေးဇူးတင်ဖူးသည့် ပမာ လူတို့သည်အမှားမပြုမိ ကြစေရန် အရာရာ တိုင်း၌ မစူးစမ်း မဆင်ခြင်ဘဲ မပြု အပ်ပေ။
ယခု ရက်ပိုင်းအတွင်း ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတစ်ခုကို အကြောင်း ပြု၍ မိတ္ထီလာ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့်အခြေအနေတွင် ပြည်သူလူထုကြီး၏ ရိုးသားမှုကို အခွင့်ကောင်းယူ၍ ရန်ကုန်မြို့အပါအဝင် နိုင်ငံတော် ဒေသအနှံ့ အပြားတွင်ဆူပူမှုများ ကူးစက်ပျံ့နှံ့စေရန် လှုံ့ဆော်မှုများ ရှိနေသည်။
ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ် ၂၈ ရက်တွင် မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူ လူထုသို့ ရှင်းလင်း ပြောကြားရာ၌ ''ဒီမို ကရေစီရဲ့ ရေသောက်မြစ်လို့ ဆိုရမယ့် တစ်ဦး တစ်ယောက်ချင်း စီရဲ့ လွတ်လပ်ခွင့် ဆိုတာ သူတစ်ပါးကို ထိခိုက်မှု မရှိဘဲ လွတ်လပ် ခြင်းရဲ့ အရသာကို အားလုံး ခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း မိမိယုံ ကြည်ရာ လွတ်လပ်စွာ ကိုးကွယ် ခွင့်အား နိုင်ငံသား အခွင့် အရေး အနေနဲ့ အာမခံချက် အပြည့် အဝ ပေးထားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ် ယုံကြည် မှုကို ခုတုံး လုပ်ပြီး  အလွဲ သုံးတဲ့ အယူသီး အစွန်းရောက် လုပ်ရပ်တွေ၊  မတူညီတဲ့ ဘာသာ တရားတွေ အကြား အမုန်း တရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုး စီးပွားနှင့် ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင် မှုတွေကို ပပျောက် သွားအောင် ကျွန်တော်တို့ အစိုးရ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေ များနဲ့ အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်'' ဟု ထည့်သွင်း ပြောကြား သွားသည်။
မတ် ၂ဝ ရက်တွင် မိတ္ထီလာ၌ သာမန် ဈေးရောင်း ဈေးဝယ် ကိစ္စ ရွှေရောင်းဝယ် ကြရာမှ လောဘနောက် ဒေါသ လိုက်လာ ချိန်တွင် မောဟ အမှောင် ဖုံးကာ မာနက တွန်းချ လိုက်ခြင်း ကြောင့်နှုတ်နောက် လက်ပါ ဖြစ်ကြသည်။ လက်နောက်တွင် လက်နက်ပါလာကြချိန်တွင်ခိုက်ရန်ပွဲကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ လူမှုဆက်ဆံရေး ကိစ္စအဝဝတို့တွင် တရားမျှတမှု ရှိစေခြင်းငှာယဉ်ကျေးသော လူ့အဖွဲ့အစည်း တည်ဆောက် ကြရာ၌ လောဘ ဒေါသနှင့် မောဟအမှောင်တို့ကို သတိပြုရှောင်ကြဉ် ကြရမည် ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။  ။
From..မြ၀တီ

No comments:

Post a Comment