Sunday, April 21, 2013

နေပြည်တော် အိမ်ခြံမြေ အရောင်းအဝယ် ဆက်ရှိ၊ ကြားလမ်းများ ဈေးချ

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနှစ်သစ်ကူး သင်္ကြန်ရက်များအပြီး နေပြည်တော် အိမ်ခြံမြေများမှာ အရောင်းအဝယ် ဆက်ရှိနေပြီး ကြားလမ်းမြေကွက်များကို ဈေးချခေါ်လျက်ရှိကြောင်း အကျိုးဆောင်များက ဆိုသည်။

“ဈေးကွက်ကြီး တခုလုံးအနေနဲ့ အေးပေမယ့် အရောင်းအဝယ်က ဆက်ရှိနေပါတယ်။ အရင်က လူကြိုက်များတဲ့ သပြေကုန်းတို့၊ ကျောက်ပြတိုက်အနီးက မြေကွက်တွေကိုတော့ အမေး သိပ်မရှိတော့ဘူး။ ပေါင်းလောင်းလို လူနေစည်ကားပြီးသား နေရာတွေတော့ အရောင်းအဝယ် ရှိနေတယ်” ဟု နှင်းထက်နိုင် အိမ်ခြံမြေ အကျိုးဆောင်မှ ဦးဝင်းနိုင်ထွန်း က ပြောသည်။

ရာဇဌာနီ လမ်းမကြီးနှင့် ပေါင်းလောင်း လမ်းမကြီးတို့မှာ အရောင်းအဝယ်ရှိနေသည်။

“ရာဇဌာနီ လမ်းမကြီးပေါ်ဆိုရင် အရောင်းပြခန်း ဖွင့်ချင်တဲ့သူတွေ၊ စီးပွားရေးလုပ်ငန်း လုပ်ချင်တဲ့သူတွေက သင်္ကြန်အပြီး တရက်၊ နှစ်ရက် အတွင်းမှာပဲ အမေးရှိတယ်။ လိုက်ကြည့်တာတွေ ရှိနေတယ်။ ဒီရက်ထဲမှာပဲ ရာဇဌာနီလမ်းမပေါ် ပေ ၄၀ × ၆၀ မြေကွက်ကို ကျပ် သိန်း၂,၀၀၀ ၀န်းကျင်နဲ့ ဈေးတည့်သွားတာ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ခေါ်ဈေးများမှာ ယခင်အရောင်းအဝယ် စံချိန်တင် ဈေးနှုန်းများထက် ကျပ်သိန်း ၃၀၀၊ ၅၀၀ မှ ၁,၀၀၀ ဝန်းကျင်အထိ ဈေးချရောင်းဝယ်လျက် ရှိနေသည်။

“ပေါင်းလောင်းလမ်းပေါ်က ပေ ၄၀×၆၀ မြေကွက် တကွက်ကို ကျပ်သိန်း၂,၀၀၀-၂,၅၀၀ ဝန်းကျင်၊ ပေ ၈၀ × ၆၀ မြေကွက် တကွက်ကို ကျပ် သိန်း ၃,၀၀၀ ဝန်းကျင်။ ကြားလမ်းတွေထဲက ပေ ၄၀ × ၆၀ မြေကွက်တွေဆိုရင် ကျပ်သိန်း ၄၀၀ ဝန်းကျင်ကနေ ၈၀၀ အထိ ဈေးခေါ်နေတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်သန်းသန်းဆင့် က ဆိုသည်။

ကြားလမ်းများ ဖြစ်သော ၂၁၊ ၂၄၊ ၁၈၊ ၁၉ လမ်းတို့ရှိ ယခင် ကျပ်သိန်း ၇၀၀ တန် မြေကွက်များမှာ ယခု ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့်၊ ယခင် ကျပ်သိန်း ၈၀၀ တန်မြေကွက်များမှာ ယခု ကျပ်သိန်း ၆၀၀ ဝန်းကျင်ဖြင့်၊ ယခင် ကျပ်သိန်း ၁,၀၀၀ တန်မြေကွက်များမှာ ယခု ကျပ်သိန်း ၈၀၀ ဖြင့် အသီးသီး ဈေးချခေါ်ဆိုနေကြောင်း သိရသည်။
mizzima

No comments:

Post a Comment