Thursday, May 30, 2013

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှုသည် လုံခြုံရေးအတွက်ဖြစ်

လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည် နယ် မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရ အမိန့်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင် ရခြင်း
သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ “ပြည်နယ်နဲ့ နိုင်ငံရဲ့ လုံခြုံရေးအတွက် လုပ်တာပါ” ဟု ဦးဝင်းမြိုင်က ဆိုသည်။ မောင်တောခရိုင်တွင် ဘင်္ဂါလီ (HRW ၏ မူရင်းအသုံး-ရိုဟင်ဂျာ) များကို ကလေးနှစ်ယောက် သာ ယူခွင့်ပြုသည့်မူဝါဒ ချမှတ်ခြင်းသည် လူနည်းစုများကို စနစ်တကျ ဖိနှိပ်မှုတစ်ခု ဖြစ်ကြောင်း လူ့အခွင့် အရေး စောင့်ကြည့်သူများအဖွဲ့ (HRW) က မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ဒေသ၏ လိုအပ်ချက်အရ မောင်တောခရိုင် တစ်ခုတည်းကိုသာ မွေးဖွားနှုန်း ထိန်းချုပ်ခြင်းဖြစ်ပြီး ယင်းဒေသ တွင် မွေးဖွားနှုန်း မြင့်မားနေသဖြင့် စားဝတ်နေရေး ပြဿနာ၊ ကျန်မာရေးပြဿနာ၊ နေရာပြဿနာ၊ ရိက္ခာပြဿနာများ ကြုံတွေ့နေရကြောင်း၊ မောင်တောခရိုင်ကို မွေးဖွားနှုန်းထိန်းရန် ဒေသန္တရ အမိန့် ထုတ်ကာ လုပ်ဆောင်နေသော်လည်း အခြားမြို့နယ်များကို မွေးဖွားနှုန်း ထိန်းချုပ်ခြင်း မရှိကြောင်း ဦးဝင်းမြိုင်က ထပ်မံပြောကြားသည်။ “လူ့အခွင့်အရေး ဆိုတာက အဝေးကနေ အော်နေလို့မရဘူး။ လက်ရှိအခြေအနေကို သိဖို့လိုတယ်။ ၁၀ ပေပတ်လည် အခန်းတစ်ခုမှာ လူ ၃၀၊ ၄၀ လောက်နေ နေရ တယ်။ ဒါက သဘာဝမကျဘူး” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ဒေသန္တရ အမိန့်မှာ ယခင်ကျင့်သုံးခဲ့သည့် အမိန့်ကို ပြန်လည်ကျင့်သုံးခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်စစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာတွင် အကြံပြုထားမှုများကို အကောင်အထည်ဖော်သည့် အနေနှင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင်က ဆိုသည်။ ယင်းဒေသန္တရ အမိန့်အရ ဘင်္ဂါလီအမျိုးသား တစ်ဦးသည် အမျိုးသမီး တစ်ဦး ကိုသာ လက်ထပ်ခွင့်ရှိပြီး ကလေးနှစ်ဦး ယူခွင့်ရှိကြောင်း၊ အမျိုးသမီး တစ်ဦးထက်ပို လက်ထက် ပါက တရားမဝင် ပေါင်းသင်းမှုနှင့် အရေးယူမည်ဖြစ်ပြီး နှစ်ဦးထက်ပိုသည့် ကလေးများမှာလည်း အမည် ပျက်စာရင်း အသွင်းခံရမည် ဖြစ်သည်။ သားဖွားနှုန်းထိန်းချုပ်သည့် ဒေသန္တရအမိန့်နှင့် ထုတ်ပြန် လုပ်ဆောင်နေမှုကို သိရှိထားခြင်း မရှိသော်လည်း အမှန်တကယ် ယင်းအမိန့်အတိုင်း လုပ်ဆောင်နေပါက ဥပဒေနှင့် မညီကြောင်း၊ ခွဲခြားဆက်ဆံမှုက မကောင်းသည့်အပြင် လူ့အခွင့်အရေးနှင့်လည်း ကိုက်ညီမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဘင်္ဂါလီများ သားဖွားနှုန်း မြင့်မားခြင်းသည် လာမည့်နှစ် အနည်းငယ်အတွင်း နိုင်ငံခြားသား သီးသန့်နေ ထိုင်သည့် ဒေသတစ်ခု ဖြစ်လာဖွယ်ရှိသဖြင့် ရခိုင်တိုင်းရင်းသားများ စိုးရိမ်နေကြကြေင်း၊ သားဖွားနှုန်း မထိန်းချုပ်လျှင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာနိုင်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ ဦးသန်းထွန်းက ဆိုသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း (မောင်တောခရိုင်) တွင် ဘင်္ဂါလီလူမျိုးများ၏ တစ်အိမ်ထောင်လျှင် ပျမ်းမျှမိသားစုဝင် ၁၀ ဦးခန့်ရှိပြီး မိသားစုစီမံကိန်း (မျိုးဆက်ပွားကျန်းမာရေး) ကို မိသားစု အလိုက် အကောင်အထည်ဖော်မှသာ ဆင်းရဲမှု သံသရာမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် အကြံပြုထားသည်ဟု ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment