Thursday, May 30, 2013

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှုအောင်မြင်


တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေတို့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းမှု အဆင် ပြေသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တပ်ပိုင်းဆိုင်ရာများအတွက် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကေအိုင်အေနှင့် တပ်မတော်တို့ သီးသန့်ဆွေးနွေးရာ ယင်းသို့ အောင်မြင်စွာ ညှိနှိုင်းနိုင်ခြင်းဖြစ်သည်။

တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ကာကွယ်ရေးဦးစီးချုပ်၏ အာဏာကုန် လွှဲအပ်ပေးထားသော ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အေဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့  သီးသန့်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"ခုညှိနှိုင်းတာကတိုးတက်တဲ့ လက္ခဏာတွေ မြင်ရတယ်လို့ ပြောလို့ရပါတယ်" ဟုလည်း ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး က ဆိုသည်။

အဆိုပါသီးသန့်တွေ့ဆုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်အသေးစိတ် အချက်အလက်များကို လတ်တလော ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မေလ ၃၀ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုသည်။
ယင်းဆွေးနွေးမှုမတိုင်မီ တစ်ရက်အလိုတွင် ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “တိုက်ပွဲတွေ ဘယ်လို လျှော့ချမလဲဆိုတာကို အဖြေရှာညှိနှိုင်းပါမယ်” ဟု သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို အာဏာကုန် လွဲအပ်ထားသည် ဆိုသော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးရန်မှာ မလွယ်ကူနိုင်ကြောင်းနှင့် မူချမှတ်၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း ၄င်းကပြော ဆိုခဲ့သည်။

ယင်းသို့နှစ်ဖက် တပ်ပိုင်းဆိုင်ရာများ ညှိနှိုင်းမှုအဆင်ပြေ နေသော်လည်း ရှမ်းပြည်နယ်မြောက် ပိုင်း ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တွင်မူ တိုက်ပွဲများ ဖြစ်ပွားနေ ဆဲ ဖြစ်သည်။

The Voice

No comments:

Post a Comment