Thursday, May 30, 2013

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှု အောင်မြင်

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေ တို့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းမှု အဆင်ပြေ
သွားပြီဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ တပ်ပိုင်းဆိုင်ရာများအတွက် မေလ ၂၉ ရက်နေ့ နံနက်ပိုင်း တွင် ကေအိုင်အေနှင့် တပ်မတော်တို့ သီးသန့် ဆွေးနွေးရာ ယင်းသို့ အောင်မြင်စွာ ညှိနှိုင်းနိုင်ခြင်းဖြစ် သည်။ တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ အတွက် ကာကွယ်ရေးဦးစီးချုပ်၏ အာဏာကုန် လွှဲအပ်ပေးထားသော ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ သီးသန့် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ “ခုညှိနှိုင်းတာက တိုးတက်တဲ့ လက္ခဏာတွေ မြင်ရတယ် လို့ ပြော လို့ရပါတယ်” ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။ အဆိုပါ သီးသန့်တွေ့ ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် အသေးစိတ် အချက်အလက်များကို လတ်တလော ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မေလ ၃၀ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် သတင်း ထုတ်ပြန်ပေး မည် ဖြစ်ကြောင်း နှစ် ဖက်ခေါင်းဆောင်များက ပြောဆိုသည်။ ယင်းဆွေးနွေးမှု မတိုင်မီ တစ်ရက် အလိုတွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “တိုက်ပွဲတွေ ဘယ်လိုလျှော့ချမလဲ ဆိုတာကို အဖြေရှာ ညှိနှိုင်း ပါမယ်” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကို အာဏာကုန် လွှဲအပ်ထားသည် ဆိုသော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးရန်မှာ မလွယ်ကူနိုင်ကြောင်းနှင့် မူချမှတ်၍ လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ယင်းသို့ နှစ်ဖက် တပ်ပိုင်းဆိုင်ရာများ ညှိနှိုင်းမှု အဆင်ပြေနေသော်လည်း ရှမ်းပြည်နယ် မြောက် ပိုင်း ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေတွင်မူ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 

From....ခေတ်လူငယ်

No comments:

Post a Comment