Sunday, June 23, 2013

မြန်မာနိုင်ငံတွင် အခွန်အများဆုံး ထမ်းဆောင်နေသည့် ၅၀၀ စာရင်းအား မကြာမီ ထုတ်ပြန်မည်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် လက်ရှိတွင် အခွန်အများဆုံး ထမ်းဆောင်ထားသည့် ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းအား ပြုစုလျက်ရှိကြောင်းနှင့် ၅၀၀ စာရင်းအား နိုင်ငံပိုင် သတင်းစာများ၌ ထည့်သွင်းထုတ်ပြန် သွားရန်ရှိကြောင်း စုံစမ်းသိရသည်။
"ထိပ်ဆုံးအခွန်ထမ်း ၅၀၀ အထိ စာရင်းကို ပြုစုနေကြတယ်။ မကြာခင်မှာ နိုင်ငံပိုင် သတင်းစာကတစ်ဆင့် ထည့်သွင်းပေးဖို့အထိ စီစဉ်နေတယ်" ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
၂၀၁၁-၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံ၏ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၁၀၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်နေသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ စာရင်းအား စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့သည်။
ယခုနှစ်တွင်လည်း ယခင်နှစ်ကအတိုင်း ၀င်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ၁၀၀  ဦးစာရင်းနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် ၁၀၀ စာရင်းကို စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေ မည်ဖြစ်ပြီး သီးသန့်အနေဖြင့် ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းကို ထုတ်ပြန်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော်အထိ ရှိသော်လည်း နှစ်စဉ်အမြတ်ပြ၍ ၀င်ငွေခွန်ထမ်းဆောင်နေသည့် ကုမ္ပဏီမှာ ၂၀၀၀ ကျော် ၃၀၀၀ နီးပါးအထိသာ ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများထဲတွင်လည်း အချို့သာ အခွန်ပေးဆောင်ပြီး အများစုမှာ အခွန်ရှောင်တိမ်းခြင်း၊ အရှုံးပြ၍ ၀င်ငွေခွန်ကြေညာလွှာ တင်ခြင်းများပြုလုပ်ကာ အခွန်ရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။ ထို့အတွက် ယခုအခါ ပြည်တွင်းအခွန်ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများ၏ အခွန်ပေးဆောင် ထားမှုများအား ပြန်လည်စိစစ်နေရ သည်ဟုလည်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်းက  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ထီခွန်စုစုပေါင်း ကျပ်ဘီလျံ ၂၅၀၀ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါ ပမာဏမှာ အမှန်တကယ် ရရှိသင့်သည့် အခွန်ပမာဏ၏ ၁၀ ပုံတစ်ပုံပင် မရှိကြောင်း၊ မည်သူက အခွန်ပေးဆောင်၍ မည်သူက အခွန်မည်မျှ ရှောင်တိမ်းနေသည်ကို သိရှိရန်အတွက် ယခုကဲ့သို့ ထိပ်ဆုံးအခွန်ဆောင်သူများ စာရင်းကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment