Wednesday, June 26, 2013

ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ တရားမဝင်နည်းဖြင့် ကြီးပွားနေသူများအား ဖော်ထုတ်အရေးယူမည်

တရားမဝင်သည့် နည်းလမ်းအသုံးပြုကာ ငွေကြေးရရှိ စုဆောင်းထားကြသူများကို ငွေကြေး စုံစမ်း ထောက်လှမ်းရေးရဲတပ်ဖွဲ့က အရေးယူသွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။ ဇွန်လ ၁၅ ရက်နေ့မှ စကာ ဒုတိယရဲချုပ် ဦးစီးသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ကလေးနှင့်
တမူးခရိုင်အတွင်း ကွင်းဆင်းစုံစမ်း စစ်ဆေးမှုအပြီး ရက်ပိုင်းအကြာ ရဲတပ်ဖွဲ့ဌာနချုပ်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အရေးယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ပြီဖြစ်ကြောင်း သိရသည်။ ငွေကြေးစုံစမ်း ထောက်လှမ်းရေး ရဲတပ်ဖွဲ့သည် လက်ရှိတွင် နေပြည်တော်တွင် ရုံးထိုင်နေပြီဖြစ်ပြီး လုပ်ငန်းတာဝန်များကို ချမှတ်ထားသော လုပ်ထုံး၊ လုပ်နည်းများအရ ဆောင်ရွက် သွားမည်ဟု ၄င်းတပ်ဖွဲ့က ဇွန် ၂၁ ရက်နေ့က ပြောသည်။ ငွေကြေးခဝါချမှု၊ အခွန်တိမ်းရှောင်မှု၊ အဂတိ လိုက်စားမှု၊ အကြမ်းဖက်မှုများနှင့် အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့ခြင်းများ၊ ဈေး ကွက်ထိန်းချုပ်မှုများနှင့် ငွေကြေးအတု ပြုလုပ်မှု၊သုံးစွဲမှု၊ လက်ဝယ်ထားမှုများ စသော ပြစ်မှု တို့ကို ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေးအဖွဲ့က ကိုင်တွယ်မည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ ကုန်သည်/စက်မှုလက်မှုလုပ်ငန်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ပုံမှန်စီးပွားရေး လုပ်ကိုင်နေသူတွေ အတွက်ကတော့ ဒီရဲတပ်ဖွဲ့ရှိလည်း ဆိုးကျိုးမဖြစ်ဘူး။ မမှန်မကန်တွေ အတွက်သာ ထိခိုက်မှုရှိသွားမယ်” ဟု ပြောသည်။ ငွေကြေးနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်းသော ရဲတပ်ဖွဲ့သည် နိုင်ငံတကာ စံနှုန်းအတိုင်း ရှိသင့်ကြောင်းလည်း ဒေါက်တာမောင်မောင်လေးက ဆက်ပြော သည်။ ၂၀၁၁ ခုနှစ် မေလ ၂၇ ရက်နေ့က အစိုးရ၏ အမိန့်ကြေညာစာ ၁၀/၂၀၁၁ ဖြင့် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာ ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ဘဏ္ဍာ/အခွန် ဝန်ကြီးက ဒုတိယဥက္ကဋ္ဌ၊ လယ်/ဆည် ဒု-ဝန်ကြီး၊ ဒုတိယရှေ့နေချုပ်နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌတို့က အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ရဲချုပ်က အတွင်းရေးမှူး အဖြစ် လည်းကောင်း ပါဝင်သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ် တွင် ဖော်ပြ ထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment