ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား မီဒီယာများက မေးမြန်းစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည်
ဆိုခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနှင့်
ယခင်သဘောတူလက်မှတ် ရေးထိုးထားချက်များအား
အတည်ပြုခြင်းသာဖြစ်ကြောင်း
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ဇွန် ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပသော World
Refugee Day အခမ်းအနား အပြီးတွင် သတင်းထောက်များ မေးမြန်းမှုများကို
ပြန်လည်ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်အဆင့် လက်မှတ်ထိုးရာတွင် အချက်လေးချက် ပါဝင်ကြောင်း အပစ်အခတ်
ရပ်စဲရေး၊ နယ်မြေ တစ်ခုနှင့်တစ်ခု သွားလာရာတွင် လက်နက်ကိုင်ဆောင်
သွားလာခြင်းမပြုလုပ်ရေး၊ ကျော်ဖြတ်သွားလာ ရာတွင် သတင်းပို့ရန်
စသည့်အချက်များအား ပိုမိုခိုင်မာရန် နိုင်ငံတကာ အဖွဲ့အစည်းများ ရှေ့မှောက်၌
လက်မှတ်ရေးထိုးရန် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး
ဦးအောင်မင်းက ပြောကြားသည်။
"သမ္မတကြီးပြောတဲ့ Nationwide Ceasefire Accord ဆိုတဲ့ အချက်ဟာ
ထိုးပြီးသား အချက်တွေကို ပြန်ပြီး အတည်ပြုတာပဲ ဖြစ်တယ်။
ပိုပြီးယုံကြည်မှုရအောင် အတည်ပြုတာ ဖြစ်တယ်။ ကျန်တဲ့အချက်တွေ
ဘာမှမတိုးပါဘူး" ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကြာခင်ကာလတွင်
ငြိမ်းချမ်းတော့မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမည့် အချိန်ကာလအား အတိအကျ
မပြောနိုင်သော်လည်း စိတ်ကူးအိပ်မက်ဖြစ်ပြီး အိပ်မက်များသည် လက်တွေ့တွင်
ဖြစ်ပေါ်လာကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် တာဝန်ယူ
ဆောင် ရွက်နေသူ တစ်ဦး ဖြစ်သဖြင့် အခြားသူများထက် ယုံကြည်မှု
ပိုမိုခိုင်ခိုင်မာမာထား၍ ဆန္ဒပြင်းပြင်းပြပြ ထားကာ ဖြစ်အောင်လုပ်ဆောင်မည်ဟု
ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍
လွှတ်တော်သို့ မတင်ပြခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ
စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခြင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး ပါရှိကြောင်း၊
ဆွေးနွေးပွဲ လုပ်တိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ၎င်းတို့က
လွှတ်တော်သို့ ပြန်မရှင်းပြခြင်းသာဖြစ်ပြီး မိမိအနေဖြင့် တာဝန်ကျေကြောင်း
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တောင်းဆိုနေသော ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဥပဒေပြုရေးဖြစ်သော လွှတ်တော်နှင့်သာ
သက်ဆိုင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့်
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လိုအပ်ပါက တိုင်းရင်းသားများဘက်မှ
အကြံပြု ချက်သာ ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
From..EMG
No comments:
Post a Comment