Friday, July 19, 2013

မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွား

7.18.24
အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆိုးရွားသည့် ယာဉ်ကြော ပိတ်ဆို့မှုမှာ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီ မှ စတင်ဖြစ်ပွား ရခြင်း ဖြစ်ပြီး ည ၁၀ နာရီကျော်မှ ပြန်လည်ရှင်းလင်းနိုင်ခဲ့သည်။ ထိုကဲ့သို့ဖြစ်ပွားရခြင်း မှာ အောင် မင်္ဂလာအဝေးပြေးဝင်းထိပ်ရှိ ယာဉ်အ၀င်အထွက်လိုင်းများ ရှုပ်ထွေးမှု ဖြစ်ပွားခဲ့ရာမှ စတင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူ ကိုအောင်သူက ''မြို့တွင်းပြေး ဆွဲနေတဲ့ ခရီးသည်တင်ကားနဲ့ အဝေးပြေးကားတို့ တစ်ဖက်နဲ့တစ်ဖက် မလျှော့လို့စဖြစ်တာပါ'' ဟု ဆို သည်။

ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းမှ ယာဉ်လိုင်းများ ထွက်ရှိမှု အချိန် နှစ်နာရီကျော်ကြာ နှောင့်နှေးခဲ့ပြီး မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်းများမှ ခရီးသည်များ အခက် အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။

မြတ်မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းမှ ဂိတ်မှူးဖြစ်သူ ကိုလွင်ဦးက ''အဓိကဖြစ်တဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်း အ၀င်၊ အထွက် ကားစနစ်တွေက ဒီယာဉ်ကြော ပိတ်ဆို့မှုတွေကို ပိုဖြစ်စေတယ်။ အခု သူတို့ ကားအ၀င်အထွက် လုပ်လိုက်တဲ့ စနစ်က အတွင်းမှာပဲ အဆင်ပြေတယ်။ အပြင်ကား အ၀င်၊ အထွက်တွေမှာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ ကားစနစ်ကို ပြန် လည်ပြင် ဆင် ပေးစေချင်တယ်'' ဟု ဆိုသည်။

၎င်းအပြင် အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်ရှိ အမှတ် (၃) လမ်းမကြီးပေါ်တွင် ယာဉ်ရှင်း လင်း ပေးနေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ ယာဉ်ရှင်းလင်းပေးမှုမှာ လိုအပ်နေကြောင်း၊ သင့်တော် မည့် သူများကို အစားထိုး တာဝန်ပေးရန် လိုအပ်ကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူ များက ပြောကြားသည်။

စည်းစိမ်ရှင် ယာဉ်လိုင်းမှ ဂိတ်မှူးဖြစ်သူက ''အဓိကကျတဲ့ အချက်က လမ်းမပေါ်မှာ ထွက်လာတဲ့ ကားတွေကို ရှင်းလင်းတဲ့သူတွေက အရေးကြီးတယ်။ ဒါပေမဲ့ အခုလုပ်ဆောင်နေတဲ့ သူတွေက ပေါ့ဆနေ တယ်။ ကားမောင်းတဲ့ သူတွေကတော့ ခေါင်းရရင် ခေါင်းထိုးမယ်၊ လွတ်ရင်ဝင်မယ်။ အဲဒါကို ထိန်းညှိပေးနိုင်မယ့် သူတွေကိုသာ ဒီမှာ ထားစေချင်တယ်'' ဟု ဆိုသည်။
Eleven Media Group

No comments:

Post a Comment