Tuesday, August 20, 2013

မန္တလေးမြို့တွင် နေ့ခင်းအချိန် ဆိုင်ကယ်ဖြင့် လုယက်မှု ပိုမိုများပြားလာ

8.1.1
မန္တလေးကျူံးအနီး လမ်း ၈၀ x ၂၆ လမ်းထောင့် တစ်နေရာအား တွေ့ရစဉ်
မန္တလေးတွင် နေ့အချိန် မြို့လယ်ကောင်၌ ဆိုင်ကယ်ဖြင့် လုယက်မှု ပိုမိုများပြားလာပြီး ဖြစ်ပွားသည့် မှုခင်းပြဿနာများတွင် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်လိုမှု နည်းပါးလာကြောင်း ရဲတပ်ဖွဲ့ဝင်များက သုံးသပ် ပြောကြားခဲ့သည်။
နေ့အချိန် လူစည်ကားရာ နေရာများဖြစ်သည့် ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေး တစ်ဝိုက်နေရာများ၊ နန်းရှေ့ဈေးကဲ့သို့ နေရာများတွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးခြင်း၊ ပိုက်ဆံအိတ် လုယူမှုများ ပိုများလာပြီး သက်သေလိုက်ရ ခြင်းများနှင့် ရဲလုပ်ထုံးလုပ်နည်းများကြောင့် စစ်ဆေးမေးမြန်း ခံရခြင်း၊ မိမိအန္တရာယ် ပြုခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြည်သူများ ကူညီဆောင်ရွက် လိုခြင်းများ မရှိတော့သဖြင့် လုယက်သူများ ပိုမိုရဲတင်းလာခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။
''ကျွန်တော်တို့ ပိုင်နက်နယ်မြေထဲမှာ တိုင်ကြားထားတာ တွေရှိတယ်။ တခြားမြို့နယ် တွေမှာလည်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်ခံရတာတွေ တိုင်တာများနေပြီ။ FZ ဆိုင်ကယ်နဲ့ လုတာများနေတာကို စစ်ဆေးတွေ့ ရပါတယ်။ နီးတော့နီးပါပြီ'' ဟု အမှတ် (၈) ရဲစခန်းမှ တာဝန်မှူးက ဆိုသည်။
''ဖားကန့်ကနေ အလုပ်ကိစ္စနဲ့လာတာ မို့ဟိုတယ်မှာပဲ တည်းတာပါ။ ခြေကျင်လမ်း ဖြတ်အကူးမှာ ဆိုင်ကယ်နဲ့လူက တည့်တည့် ၀င်တိုးလာပြီး ငါးကျပ်သား ရွှေဆွဲကြိုးကို ဆောင့်ဖြတ် သွား တာပါ။ ဖြစ်တဲ့နေရာက ရတနာပုံဈေးနား ၇၇လမ်း x ၃၂လမ်းထောင့် ဆိုက္ကားဂိတ်နဲ့ ဆိုင်ကယ်တက္ကစီ သမားတွေရော အများကြီးပါ။ အမှတ်(၈) ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်'' ဟု သြ ဂုတ် ၁၇ ရက်က ဆွဲကြိုးဖြတ်ခံရသူ ဒေါ်မင်းမင်းခိုင်က ဆိုသည်။
မန္တလေးတွင် ယာဉ်တိုက်မှု ဖြစ်ပွားလျှင်လည်း သက်ဆိုင်ရာသို့ အကြောင်းကြား ကူညီပေးရာတွင် တာဝန်ကျဌာန အသီးသီးသို့ ပြန်လည် ညွှန်ကြားခြင်းနှင့် လူမှုကူညီရေး အသင်းများ အနေဖြင့်လည်း မှုခင်းရဲ အရာရှိများ၏ စစ်ဆေးမှုများကို ဖြေရှင်းရခြင်း တို့ကြောင့် အခက်အခဲ ဖြစ်ပေါ်ရကြောင်း သိရသည်။
''အက်စီးဒင့် တစ်ခုခုဖြစ်လို့ ပြည်သူတစ်ယောက်က ဖုန်းဆက်ခေါ်ရင် လာခွင့်မရှိပါဘူး။ တာဝန်ကျ ယာဉ်ထိန်းရဲနဲ့ ရဲဝန်ထမ်း တစ်ဦးက ဖုန်းဆက်မှ လာရပါတယ်။ မှုခင်းကိစ္စတွေမှာ ရဲက မစစ်ဆေးရသေး ဘဲ ကျွန်တော်တို့ လူမှုကူညီရေး အသင်းကားက သယ်သွားလို့ ပြဿနာတွေ ရှင်းရပါတယ်'' ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက ဆိုသည်။
''ရတနာပုံဈေးနား တစ်ဝိုက်မှာ ဆွဲကြိုးဖြတ်ခံရတာ ဒါပါနဲ့ဆို နှစ်ခါရှိပြီ။ အဲဒီ ငါးကျပ်သား ဖြတ်ခံ ရတဲ့ နေ့ မှာပဲ နန်းရှေ့မှာလည်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်ခံရသေးတယ်။ သူတို့လို လုယက်တဲ့ သူတွေက တစ်ယောက်တည်း မဟုတ်ဘူး။ အဖွဲ့လိုက် လူအုပ်ထဲမှာရောပြီး ရှိနေလို့ တချို့ကလည်း ကိုယ့်အတွက် အန္တရာယ်ဖြစ်မှာ ကြောက်လို့ ၀င်မကူညီ ကြတော့တာ တွေလည်းရှိတယ်'' ဟု အခင်းဖြစ်နေရာ တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment