Saturday, August 10, 2013

ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ပြောကြား

8.9.1
သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ များနှင့်အတူ တွေ့ရသော ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၀ဲအစွန်)ကို ပြည်ထောင်စု လွှတ်တော်၌ ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်
ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက သြဂုတ် ၈ ရက်က နေပြည်တော်၌ ကျင်းပ ခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သြဂုတ် ၉ ရက်က အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
ထို့ပြင် ဥပဒေနှင့် တရားရုံးများသည် တရားစီရင်ရန် တာဝန်ပေးအပ်၊ ခန့်အပ်ခြင်း ခံရသူများအတွက်လည်း မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ်က ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ် အသီးသီး၏ တရားလွှတ်တော်များမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း သိရသည်။
တရားရုံးများသည် ပြည်သူတို့၏ အရေးအခင်းများတွင် နစ်နာသူများကို ကုစားပေးရန် တည်ထောင်ထားခြင်း ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံးများသည် တရားစီရင်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရန် အရေးကြီးသည်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံးများသည် တရားစီရင်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရန် အရေးကြီးသည်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြား...


ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေး၊ လူမှုဖူလုံရေး၊ နိုင်ငံရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ လူ့အဖွဲ့အစည်း အရပ်ရပ်တိုင်းတွင် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ် လိုအပ်သည့် အခြေခံ လိုအပ်ချက်ပင် ဖြစ်သည်ဟု ၎င်းကဆိုသည်။
တရားသူကြီးများ၊ တရားရေး ၀န်ထမ်းများ အနေဖြင့် လုပ်ငန်းတွင် ကျွမ်းကျင်ရန်၊ အရည်အချင်း ပြည့်ဝရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက် လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ရန် အမြဲကြိုးပမ်း ဆောင်ရွက်နေကြရမည်ဟု ပြည်ထောင်စု တရားသူကြီးချုပ်က ပြောကြားသည်။
နိုင်ငံသားများ အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ၊ တရားဝင် လုပ်ပိုင်ခွင့်ရှိသော နစ်နာမှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံတွင် ပြဋ္ဌာန်းထားသည့် စာချွန်တော် အမိန့်များကို ဥပဒေနှင့်အညီ လျှောက်ထားခွင့်ရှိကြောင်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားလာသည့် စာချွန်တော်အမိန့် လျောက် ထားမှုပေါင်း ၄၃၂ မှုဖြစ်ပြီး ကနဦးလက်ခံသင့်၊ မသင့် ကြားနာ၍ ပယ်သည့် အမှုမှာ ၂၈၆ မှုနှင့် ကနဦး လက်ခံသင့်မသင့် ကြားနာရန် ကျန်ရှိသော အမှုမှာ ၈၄ မှုဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ်က ပြောကြားသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရား လွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment