Saturday, August 10, 2013

နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် တိုင်ကြားမှု ၆၅ မှုရှိရာ ၄၈ မှုကို ဖြေရှင်းပြီးကြောင်း လ၀က သတင်းထုတ်ပြန်

နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် လိုအပ်ချက်များ ရှိနေခြင်း၊ မပြည့်စုံခြင်းတို့ကြောင့် တိုင်ကြားမှု ၆၅ မှုအနက် ၄၈ မှုကို ဖြေရှင်း ဆောင်ရွက်ပေး၍ သက်ဆိုင်ရာ ကာယကံရှင်များထံသို့ ပြန်လည်ရှင်းလင်း အကြောင်းကြားပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက သြဂုတ် ၉ ရက်တွင် အစိုးရပိုင် သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
တိုင်ကြားထားသည် များအနက် ဖြေရှင်းရန် ကျန်ရှိနေသည့် အမှုပေါင်း ၁၇ မှုကို စိစစ်နေကြောင်းနှင့် ၀န်ကြီးဌာန၏ ဆောင်ရွက်ချက် များအပေါ် သိရှိလိုသည်များ၊ ကျေလည်မှု မရှိသည်များ၊ လွဲချော်နေ သည်များ ရှိပါက နေပြည်တော်ဦးစီး (ရုံးချုပ်)ဖုန်းနံပါတ် ၀၆၇ -၄၃၁၀၁၆ နှင့် ၀၆၇- ၄၃၁၀၄၅ သို့ လူကိုယ်တိုင် တိုက်ရိုက်တိုင်ကြား နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း၌ မွေးရာပါ နိုင်ငံသားများအတွက် လိုအပ်ချက်များ လျှော့ပေါ့ ဖြေလျှော့နည်းဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းကို မိုးပွင့်စီမံချက်များနှင့် ၂၀၁၁ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ကွင်းဆင်း ဆောင်ရွက်မှု များ ပြုလုပ်ခဲ့သည်။
ထိုသို့ မိုးပွင့်စီမံချက်ဖြင့် နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်ခဲ့ရာ မိုးပွင့်အဆင့်(၁)မှ မိုးပွင့်အဆင့်(၅)အထိ အိမ်ထောင်စုပေါင်း ၄၈၆၇၀၇ စုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း ၃၄၃၁၈၂၃ ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ထမ်းများနှင့် နော်ဝေ အခြေစိုက်(Norwegian Refugee Council-NRC) အဖွဲ့မှလည်း ကရင်ပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ်၊ ကယားပြည်နယ်တွင် ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် သုံးမြို့နယ်နှင့် မြို့နယ်ခွဲ နှစ်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးနှင့် ရွှေကျင်ရှိ စီမံကိန်း စမ်းသပ်နယ်မြေဒေသ၊ မွန်ပြည်နယ်တွင် သုံးမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ်နှင့် မြို့နယ်ခွဲ ခြောက်မြို့နယ်တို့ရှိ ပြည်သူ ၉၃၀၁၉ ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် UNHCR အဖွဲ့အစည်းမှလည်း မွန်ပြည်နယ်ရှိ မြို့နယ်နှစ်မြို့နယ်နှင့် ကချင်ပြည်နယ်မှ နှစ်မြို့နယ်တွင် ပြည်သူ ၅၂၉ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ရာတွင် လည်းကောင်း နိုင်ငံသား စိစစ်ရေး ကတ်ထုတ်ပေးခြင်းကို One Stop Service ဖြင့် အခမဲ့ ဆောင်ရွက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ခဲ့သည်ဟု သိရသည်။

EMG

No comments:

Post a Comment