Saturday, August 10, 2013

လယ်သမားများအား ကာလရှည်ချေးငွေ ထုတ်ပေးပါက ငွေကိုအလွယ်တကူ သုံးစွဲတတ်သည့် အလေ့အထကြောင့် နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်သည်ဟု လယ်/ဆည် ဒုတိယ၀န်ကြီး ပြောကြား

8.9.1
လပွတ္တာ-မြောင်းမြကားလမ်း နံဘေးရှိ လယ်ကွက်တွင် တောင်သူတစ်ဦးအား လုပ်ငန်းခွင် ၀င်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)
လယ်သမားများအား ကာလရှည် ငွေထုတ်ချေးပါက ငွေကို အလွယ်တကူ သုံးစွဲတတ်သည့် အလေ့အထကြောင့် နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်ခြင်းမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။
သြဂုတ် ၇ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ တောင်သူလယ်သမားများအား နှစ်စဉ်ချေးငွေဆပ် စနစ်အစား နှစ်ရှည်နှစ်နှစ်ဆပ် စနစ်ဖြင့် ခွင့်ပြုပေးနိုင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုကို ဖြေကြားရာတွင် လယ်/ဆည် ဒုတိယ၀န်ကြီး ဦးခင်ဇော်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လယ်/ဆည် ဒုတိယ၀န်ကြီး ဦးခင်ဇော်က ''ငွေပေးဆပ်ချိန်ကာလ နှစ်နှစ်၊ တစ်နှစ် စသည်အားဖြင့် ကာလရှည်စွာ ထုတ်ချေးပေးပါက ငွေကို အလွယ်တကူ သုံးစွဲတတ်သည့် အလေ့အထကြောင့် ချေးငွေ ပြန်မဆပ်နိုင်ခြင်း၊ နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်ခြင်း၊ နောက်သီးနှံ စိုက်ပျိုးချိန်တွင် ယခင်ချေးငွေ မပြေကျေသေးသည့် အတွက် ချေးငွေသစ် ရရှိရန် အခက်အခဲ ကြီးမားသည့် အကျိုးကွင်းဆက်များ ဖြစ်ပေါ် လာနိုင်ပါတယ်'' ဟု ပြောကြားသည်။
ရာသီအလိုက် သီးနှံပေါ်ချိန်တွင် ငွေပြန်ဆပ်ပြီးမှ နောက်သီးနှံအတွက် ချေးငွေသစ် ထုတ်ပေးသည့် စနစ်သည် တောင်သူများ လက်ဝယ်ရှိငွေကို အလွယ်တကူ အခြားတစ်နေရာတွင် သုံးစွဲခြင်း၊ ဥပမာ လွယ်လွယ်ကူကူပင် လောင်းကစားပစ်ခြင်း၊ အရက်သေစာ သောက်စားပစ်ခြင်းနှင့် အခြားအထွေထွေ လိုအပ်ချက်များတွင် သုံးစွဲကုန်ကျ သွားခြင်းများကြောင့် နိုင်ငံတော်သို့ ချေးငွေပြန်လည် ပေးဆပ်ရန် တာဝန်မကျေခြင်း စသည့် ၀န်ထုပ်ဝန်ပိုးများ မဖြစ်စေရေးအတွက် အချိန်ကိုက် ပြန်လည်အပ်နှံခြင်း စနစ်ကို ရေရှည်အကျိုး မျှော်တွေးပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်းလည်း ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။
ငွေထုတ်ချေးရာတွင် စောစီးစွာ ထုတ်ချေးခြင်း သို့မဟုတ် နောက်ကျမှ ထုတ်ချေးခြင်းများ မရှိရန် သတိပြု ဆောင်ရွက်ရပါကြောင်း၊ တောင်သူများအား စိုက်ပျိုးချိန်ထက် စောစီးစွာ ကြိုတင်ချေးပါက လုပ်ငန်းအတွက် အသုံးမပြုဖြစ်ဘဲ အခြားကိစ္စများအတွက် အသုံးပြုခြင်းများ ဖြစ်သွားနိုင် သကဲ့သို့ နောက်ကျမှ ငွေချေးပါကလည်း လုပ်ငန်းအတွက် အသုံးမပြု နိုင်တော့သည့် အခြေအနေ ဖြစ်သွားမည် ဖြစ်ကြောင်း၊ ထိုနည်းတူစွာ ငွေကောက်ခံရာတွင်လည်း အချိန်ကိုက် အချိန်မီ သီးနှံပေါ်ချိန်၊ ငွေရွှင်ချိန်တွင် ပြန်လည် ကောက်ခံရခြင်း ဖြစ်ပါကြောင်းလည်း ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။
လက်ရှိတွင် တောင်သူလယ်သမားများ အနေဖြင့် ပြင်ပမှ အတိုးကြီးဖြင့် ချေးယူထားသော ချေးငွေများအား အစိုးရချေးငွေ ရရှိချိန်တွင် ပြန်ဆပ်ရပြီး အစိုးရချေးငွေ ပြန်ဆပ်ချိန်တွင် ပြင်ပမှ အတိုးကြီးဖြင့် ပြန်ယူကာ ပြန်ဆပ်ရသည့် အတွက် အတိုးသံသရာထဲတွင် လည်ပတ်နေရကြောင်း၊ ရာသီဥတု ဖောက်ပြန်မှု များကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးရခြင်းနှင့် ယင်းကဲ့သို့ တောင်သူလယ်သမားများ လက်ထဲ သီးနှံများ မရှိသည့်အချိန် ကျမှသာ သီးနှံဈေးနှုန်းများ တက်ခြင်းများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း တောင်သူလယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၇ ရက်တွင်ပင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သော တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းတွင် 'တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သင့်တင့်သော အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်၊ နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေများကို သက်သာသော အတိုးနှုန်းဖြင့် စည်းကမ်းချက်များ ချမှတ်၍ ထုတ်ချေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း' ဟူသော အချက်ကို ထည့်သွင်း အတည်ပြုခဲ့သည်။

EMG

No comments:

Post a Comment