Saturday, August 31, 2013

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုများကို၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲသွားမည်

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာနနှင့် ကိုရီးယား နိုင်ငံတို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မူဝါဒနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဗဟုသုတ ဖလှယ်ရေး ဖိုရမ်အခမ်းအနားတွင် သိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော UN-ESCAP ၏ စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၀ ပြည့်နှစ် မတိုင်မီ ၃၂ ရာ ခိုင်နှုန်းရှိခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆင်းရဲမှု ၂၆ ရာခိုင်နှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်အောင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးစသည့် မဟာဗျူဟာများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဝင်ငွေအနေနဲ့လည်း နည်းပါတယ်။ အရင်းအနှီးလည်း ချို့တဲ့ပါတယ်။ လျှပ်စစ်မီး၊ ရေသန့်၊ မိလ္လာစနစ်ကအစ ချို့တဲ့မှုတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ သင့်လျော်တဲ့ အဆောက်အအုံများ နေရာချထားရေးမှာလည်း အားနည်းမှု ရှိပါတယ်...


သမ၀ါယမ ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြသန်းက ''ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၀င်ငွေအနေနဲ့လည်း နည်းပါတယ်။ အရင်းအနှီးလည်း ချို့တဲ့ပါတယ်။ လျှပ်စစ်မီး၊ ရေသန့်၊ မိလ္လာစနစ်ကအစ ချို့တဲ့မှုတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ သင့်လျော်တဲ့ အဆောက်အအုံများ နေရာချထားရေးမှာလည်း အားနည်းမှု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကိုသာ လုပ်ကိုင်နေတဲ့ အတွက်ကြောင့် ထုတ်ကုန်စွမ်းအား မြှင့်တင်ဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသနဲ့ သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာလျှင် ပိုပြီးအရေးကြီးပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ ဆက်နွှယ်မှု ရှိနေပါတယ်'' ဟု ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တာဝန်ယူသည့် လ ၃၀ အတွင်း ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး ကျန်လ ၃၀ အတွင်း ပြည်သူ့ဗဟိုပြု လူမှုစီးပွား ဖွံ့ဖြိုးရေးဦးစားပေး လိုအပ်ချက်များဖြစ်သော လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ အလုပ်အကိုင်များ တိုးတက်ရရှိနိုင်မည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment