Saturday, August 31, 2013

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းမှာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းကြောင့် ဖြစ်ကြောင်း အပါအ၀င် ပညာရေး ၀န်ကြီးဌာနက ၀န်ထမ်းနှင့် ဆိုင်သော အချက်အလက်များအား အသေးစိတ် ထုတ်ပြန်

8.1.1
ဒေါ်စိုးစိုးခိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အ.ထ.က (၅) နေပြည်တော်အထက(၅) နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းအပေါ် ပညာရေး ၀န်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ၀န်ထမ်းနှင့် ဆိုင်သည့် အချက်အလက် များအား တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းများကြောင့် ဖြစ်ကြောင်း အပါအ၀င် အလုပ်မှ ထုတ်ပယ်သည့် ဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်း အရာများကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ထိုထုတ်ပြန်ချက်တွင် ဒေါ်စိုးစိုးခိုင်သည် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ခွင့်ရက်လေးရက် ရှိပြီး ကျောင်းနောက်ကျသည့် ရက်မှာ ၄၃ ရက်ရှိသည်ဟု ဖော်ပြထားသည်။ ထိုဖော်ပြ ချက်နှင့် ပတ်သက်ပြီး ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို ၄၃ ရက် နောက်ကျတယ်လို့သာ ပြောတာ။ တစ်ခါမှ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဆီမှာ လက်မှတ်မထိုး ရသေးဘူး'' ဟု ဒေါ်စိုးစိုးခိုင်က The Daily Eleven သို့ ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အိမ်နှင့်ကျောင်း ခရီးကွာဝေးမှုကြောင့် တစ်ခါတစ်ရံ နောက်ကျတတ်သော် လည်း ပညာရေး ၀န်ကြီးဌာနမှ ကြေညာထားသည့် ၄၃ ရက် ဆိုသည်မှာ မဟုတ်ကြောင်း လည်း ပြန်လည် ငြင်းဆိုသည်။ ၎င်း၏ နေအိမ်မှ ကျောင်းသို့ အကွာအဝေးမှာ နှစ်မိုင်ခန့် ရှိသည်ဟု သိရပြီး ၎င်းသည် အလယ်တန်းပြ တစ်ဦး၏ လစာ ကျပ်တစ်သိန်းသာ ရှိကြောင်း၊ ခရီးစရိတ် တစ်နေ့ ကျပ် ၁၀၀၀ အထိ ကုန်ကျကြောင်း သိရသည်။
ပညာရေး ၀န်ကြီးဌာန၏ထုတ်ပြန်ထားချက်တွင် ဒေါ်စိုးစိုးခိုင်သည် ၈.၆.၂၀၁၃ မှ ၁၆.၈.၂၀၁၃ အထိ ခွင့်မဲ့ကိုးရက် ပျက်ခဲ့သည်ဟု ဖော်ပြထားသည်။ ထိုအချက်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ လက်ရှိအစိုးရ ၀န်ထမ်းတစ်ဦးက ''ခွင့်မဲ့ပျက်ကွက်တာနဲ့ ပတ်သက်ရင် အများအားဖြင့်တော့ အထက်အရာရှိက သတိပေးလိုက်တယ်၊ လစာဖြတ်တယ် ဒီလောက်ပါပဲ။ အစ်မတို့ ဌာနက ၀န်ထမ်း တစ်ယောက်ဆိုရင် တစ်လလောက် ခွင့် မတိုင်တာတောင် ရှိခဲ့ဖူးတယ်။ အဲဒါ အရာရှိက အိမ်လိုက်သွားပြီး တွေ့ခဲ့တယ်လို့ သိရတယ်'' ဟု ပြောကြားသည်။

ဝန်ထမ်းတစ်ဦးဟာ အလုပ်နဲ့ ငါးနှစ်အထိ ကင်းကွာခွင့် ရှိပါတယ်။ အစ်မတို့ကျောင်း အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀န်ထမ်းအားလုံး ခွင့်မဲ့ မပျက်ကွက်ဖူးတဲ့လူ မရှိပါဘူး။ အစ်မကို ထုတ်သလို ထုတ်ပစ်မယ်ဆိုရင် တစ်နိုင်ငံလုံး ထုတ်ပစ်ရမှာပါ။ ၀န်ထမ်းကို ထုတ်ပစ်နိုင်တာက စာရိတ္တပျက်တာနဲ့ ငွေကြေး အလွဲသုံးစားလုပ်တာ နှစ်မျိုးပဲရှိတယ်...


ပညာရေး ၀န်ကြီးဌာန၏ ရှင်းလင်းချက်တွင် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ နယ်လွန် သွားလာခွင့်အား အသိပေး တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။
ဝန်ထမ်းတစ်ဦးအား မြန်မာပြည်တွင်း ခရီးသွားလာခြင်းကို နယ်မြေကန့်သတ် ထားခြင်းအား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဟု ပြောဆိုနေသည့် တိုင်းပြည်တစ်ပြည်တွင် မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း ဝေဖန်မှုအချို့ ရှိနေသည်။ နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးမြင့်အောင်က '' ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေဟာ လွတ်လပ်စွာ သွားလာခွင့် ရှိပါတယ်။ ခွင့်မဲ့ပျက်ကွက်တာ၊ နယ်ကျော်သွားတာ ဒါတွေကို တကယ်ဆိုရင် အလုပ်ထုတ်ရလောက်အောင် အပြစ်မကြီးပါဘူး။ ဒီအပြစ်က လာဘ်စားတာလဲ မဟုတ်ဘူး။ မေးခွန်းရောင်းစား တာမျိုးလဲ မဟုတ်ဘူး။ သေချာတာက ထုတ်ချင်လို့ ထုတ်ပစ်တာပဲ ဖြစ်တယ်'' ဟု ပြောကြားသည်။
အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည့် ဒေါ်စိုးစိုးခိုင်က ''၀န်ထမ်းတစ်ဦးဟာ အလုပ်နဲ့ ငါးနှစ်အထိ ကင်းကွာခွင့် ရှိပါတယ်။ အစ်မတို့ကျောင်း အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀န်ထမ်း အားလုံး ခွင့်မဲ့ မပျက်ကွက်ဖူးတဲ့လူ မရှိပါဘူး။ အစ်မကို ထုတ်သလို ထုတ်ပစ်မယ် ဆိုရင် တစ်နိုင်ငံလုံး ထုတ်ပစ်ရမှာပါ။ ၀န်ထမ်းကို ထုတ်ပစ်နိုင်တာက စာရိတ္တပျက်တာနဲ့ ငွေကြေး အလွဲသုံးစားလုပ်တာ နှစ်မျိုးပဲရှိတယ်'' ဟု ထပ်မံပြောကြားခဲ့သည်။
ဒေါ်စိုးစိုးခိုင်အား စတင်စွဲချက် တင်စဉ်က အချက်သုံးချက်ဖြင့် စွဲချက်တင်ခဲ့သည်ပြီး ယခု ၀န်ကြီးဌာန၏ ရှင်းလင်းချက်တွင် ယခင်စွဲဆိုခဲ့သည့် စွဲချက်များအား ဖျောက်ဖျက်ခဲ့ခြင်း မှာ ရိုးသားမှု မရှိခြင်း ဖြစ်သည်ဟု ဒေါ်စိုးစိုးခိုင်က ထပ်မံပြောဆိုသည်။

ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ငါးခုက ဒေါ်စိုးစိုးခိုင်အား အလုပ်ဖြုတ် လိုက်ခြင်းနှင့် ပတ်သက်ပြီး ပညာရေး ၀န်ကြီးဌာနမှ ၁၅ ရက်အတွင်း ပြေလည်အောင် မဖြေရှင်းပေးပါက ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပြေလည်အောင် ဖြေရှင်းရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment