Saturday, August 31, 2013

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပြန်လည်ဖြစ်လာစေရေး အကြံပြုချက်များပါသည့် တက္ကသိုလ်အက် ဥပဒေကြမ်း ရေးဆွဲနိုင်ရန် စစ်တမ်းကောက်ယူမည်

8.1.1
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်ကို ကျင့်သုံးခဲ့သည့် လက်ရှိ ရန်ကုန် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်)
မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပြန်လည် ဖြစ်ပေါ်လာစေရေးအတွက် အကြံပြုတက္ကသိုလ် အက်ဥပဒေကြမ်း ရေးဆွဲနိုင်ရန် အကြံပြုချက် များအား စစ်တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ သိရသည်။
အဆိုပါ စစ်တမ်းအား တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများမှ စတင်ကောက်ယူ သွားမည် ဖြစ်သည်။
''တက္ကသိုလ်နဲ့ ပတ်သက်တဲ့ စစ်တမ်းကတော့ ကျွန်တော်တို့ အခုလုပ်နေပါတယ်၊ နောက်တစ်ပတ် လောက်ဆိုရင် ကျွန်တော်တို့ လက်လှမ်းမီသလောက် မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် တော်တော်များများကို စစ်တမ်းတွေ ဖြန့်ပါလိမ့်မယ်၊ အဓိကကတော့ တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်တွေက ဘယ်လိုပုံစံမျိုး ရှိရမယ် ဆိုတာမျိုးပေါ့၊ ဘယ်လို အချက်အလက်တွေ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ ကျောင်းသားတွေပြီးရင် ကျောင်းသားမိဘတွေ ကိုပေါ့။ စစ်တမ်းစာရွက်တွေ ကို တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေမှာ ဖြန့်ဝေမှာပါ'' ဟု တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ ပညာရေး ညီလာခံ ကျင်းပရေး ကော်မတီမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အမျိုးသား ပညာရေး မူဝါဒ(မူကြမ်း) တွင်လည်း အဆင့်မြင့် ပညာကဏ္ဍတွင် တက္ကသိုလ်နှင့် ကောလိပ်များသည် ၀န်ကြီးဌာန အသီးသီး၏ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်၍ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီမှ စီမံခန့်ခွဲ ခွင့်ရှိသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နှင့် ကောလိပ်များ ဖြစ်ရေးကိုလည်း ထည့်သွင်း အကြံပြုထားကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူမည့် တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂအား ၂၀၁၂ ခုနှစ်တွင် တရားဝင် မှတ်ပုံတင် ဖွဲ့စည်းခဲ့ပြီး ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတွင် မန္တလေး တက္ကသိုလ်၊ မန္တလေး အဝေးသင် တက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်တို့ဖြင့် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းအား ဖွဲ့စည်းထားကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်ကို ကျင့်သုံးခဲ့သည့် တက္ကသိုလ်များ ဖြစ်ခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်၊ တော်လှန်ရေး ကောင်စီ အာဏာသိမ်း အပြီးတွင် အဆိုပါ စနစ်ကို ဖျက်သိမ်း ခဲ့ခြင်းဖြစ် ရာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် အပါအ၀င် တက္ကသိုလ်များအားလုံး ယခင် အခါကကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပြန်လည်ဖြစ်ပေါ်ရေး အတွက် ယခု ကဲ့သို့ ထည့်သွင်း အကြံပြုကြခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment