Wednesday, August 21, 2013

" အမြန် သီးသန့်ယာဉ် လိုင်းစနစ် ကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပြု"

ရန်ကုန်မြို့၌ အမြန်သီးသန့် ယာဉ်လိုင်းစနစ် (BRT) ဆောင်ရွက်ရာတွင် Omni Focus ကုမ္ပဏီက ကန်ဒေါ်လာခုနစ်သန်း ရင်းနှီးမြှုပ်နှံရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြ ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြု တင်ပြချက်များတွင် BRT လမ်းကြောင်း များဖော်ဆောင် ခြင်းနှင့် BRT လမ်းကြောင်း၌ ခြံစည်းရိုး ခတ်ခြင်းစသည့် ရင်းနှီးမြှုပ်နှံမှုများကို ကုမ္ပဏီ က ကျခံမည်ဖြစ်ကြောင်း၊ BRT စနစ်ဖြင့်ပြေးဆွဲရန်မော်တော်ယာဉ်များ၊ လမ်းကြောင်းများ၊ အခြေပြုမော်တော် ယာဉ်စုရပ်နေရာနှင့် အစားထိုးယာဉ်များထားရှိရန်အတွက် မြေနေရာစီစဉ် ထားရှိ ပြီးဖြစ်ကြောင်း Omni Focus ကုမ္ပဏီက သြဂုတ် ၁၇ ရက်တွင် ဆီဒိုးနားဟိုတယ်၌ သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ် ခဲ့သည်။

Omni Focus ကုမ္ပဏီမှ ဦးကျော်သီဟက ''ကျွန် တော်တို့ဘက်က မော်တော် ယာဉ်တွေ ရောက်ရှိပြီးဖြစ် တယ်။ ကုမ္ပဏီဘက်က BRT အတွက် ရင်းနှီးမြှုပ်နှံ သွားမှာဖြစ်တယ်။

ဘယ်တော့အကောင်အထည်ဖော် မယ်ဆိုတာက အစိုးရရဲ့ခွင့်ပြုချက်နဲ့ အဲဒီစနစ်အတွက် ဆောင် ရွက်ပေး ရမယ့် အပေါ်မှာပဲ BRT က အမြန်ဖြစ် လာမှာပါ''ဟု ပြောသည်။

BRT ရှေ့ပြေးစီမံချက်များအရ ကနဦးသင့်တော် သည့်လမ်းကြောင်းများ၏ ခရီးအကွာအဝေး ၂၃ ဒသမ ၄၅ မိုင်ရှိပြီး မှတ်တိုင်ပေါင်း ၃၉ မှတ်တိုင်ရှိကြောင်း၊ BRTစနစ်ဖြင့်ပြေးဆွဲလျှင် ၃ မိနစ်လျှင်ယာဉ် တစ်စီး ဖြင့်ပြေးဆွဲခြင်း၊ ယာဉ်လုံခြုံမှု၊ ခရီးသည်များလုံခြုံမှု ရှိ စေရန် ယာဉ်ပေါ်တွင် ကင်မရာများ တပ်ဆင်ထားခြင်း၊ ယာဉ်မတော်တဆမှုများနှင့် စက်ချွတ်ယွင်းမှုများ ဖြစ် ပေါ်လာပါက ဗဟိုထိန်းချုပ် စနစ် မှတစ်ဆင့် အမြန်ဆုံး ဖယ်ရှားနိုင်ရန် စီစဉ်ထားခြင်း၊ ထို့ပြင် သတ်မှတ်လမ်း ကြောင်း အသုံးပြုမည်ဖြစ်ခြင်းကြောင့် ကနဦးကာလ အတိုင်းအတာတစ်ခုထိ ယာဉ်ထိန်းရဲတပ်ဖွဲ့အကူအညီ ယူပြီး လိုအပ်သည့် လစာထောက်ပံမှုနှင့် အသုံးပြုရန် ယာဉ်ထိန်းဆိုင်ကယ်အစီး ၃ဝ ကို ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဦးကျော်သီဟက ''ယာဉ်စီးခနှုန်းထားကို ကနဦး စမ်းသပ်ကာလမှာ BRT မှတ်တိုင်ရှိတဲ့နေရာတွေကနေ လက် မှတ်ရောင်းချတဲ့စနစ်နဲ့ စတင်မယ်။ ဝန်ဆောင်ခ မပါတဲ့ကတ်စနစ်ကို စီမံကိန်းစတင်ပြီး ချိန်မှာ ပြောင်းလဲ ကျင့်သုံးဖို့ စီစဉ်ထားပါတယ်''ဟု ပြောသည်။ ခရီးစဉ်ကောက်ခံမှု နှုန်းထားအဖြစ် မည် သည့် မှတ်တိုင်တွင်မဆို စီးနင်းခ ကျပ် ၄ဝဝ သတ်မှတ်ထားပြီး ခရီးသည်တင်ချချိန် ၁ မိနစ်မှ ၂ မိနစ်အတွင်း ပြန်လည်ထွက်ခွာနိုင်ရန်အတွက်လည်း စီစဉ်ထားကြောင်း၊ BRT စနစ်အတွက် အသုံးပြု မည့် မော်တော်ယာဉ်များမှာ စီအင်န်ဂျီယာဉ်ဟောင်း အစားထိုးတင်သွင်းထားသော ကိုရီးယားစီးတီး ဘတ်စ် ၉၄ စီး၊ လမ်းကြောင်း တစ် လျှောက် ကွပ်ကဲမှုယာဉ် ၁ဝ စီး၊ အရန်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် သုံးစီးတို့ကို အသုံးပြုသွားမည်ဖြစ် ကြောင်းသိရသည်။

ထက်ထက်မိုးမြင့်
Popular Myanmar News

No comments:

Post a Comment