Friday, August 23, 2013

သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မှု ဆိုင်ရာများ ဆွေးနွေး

သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Toshimitsu MOTEGI နှင့် သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်၌ အကူအညီ ပေးအပ်ခဲ့သည့် ဂျပန်ယန်းငွေ ၅၁ ဘီလျံကျော်ဖြင့် မြန်မာနိုင်ငံ၏ လူနေမှု အဆင့်အတန်း မြင့်မားပြီး ဆင်းရဲနွမ်းပါးမှု လျော့ကျရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ အခြေခံ အဆောက်အအုံများနှင့် ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်လာရေး တို့အတွက် မြှင့်တင်မှုများ ပြုလုပ်ရေးဟူသည့် လုပ်ငန်းသုံးခုကို ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများ စတင်ဆောင်ရွက်နေ မှုနှင့် ဆောင်ရွက်ရန် လာရောက်ဆွေးနွေးနေမှု၊ မြန်မာနိုင်ငံတွင် စားသောက်ကုန်များ ထုတ်လုပ်၍ အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့နိုင်မည့် အခြေအနေနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင်ပြည်သူများ၏ အခြေခံ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့ဖြင့် ထုတ်လုပ်နိုင်မည့် အခြေအနေ၊ ယခု ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေး ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူနေမှုဘ၀ မြင့်မားရေး ကဏ္ဍများအတွက် ဂျပန်ယန်းငွေ ဘီလျံ ၂၀ ဖြင့် ကူညီဆောင်ရွက်နေမှု၊ စက်မှုကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေး၊ ရာဘာ၊ ကြက်သွန်စသည့် သီးနှံထွက်ကုန်များ အရည်အသွေး သတ်မှတ်ရေး၊ ဆရာဝန်များ အရည်အသွေး မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးတို့ကို ဆက်လက် ဆောင်ရွက်ပေး မည့် အခြေအနေများနှင့် လှိုင်သာယာမြို့နယ်တွင် ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် အကြီးစား လျှပ်စစ်ဓာတ် အား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေမှု များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ စက်မှုဝန်ကြီးဦးမောင်မြင့်တို့လည်း တက်ရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးသည် မွန်းလွဲပိုင်း တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment