Monday, August 26, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်ဆီးမှုမှ ပါဝင်ကျူးလွန်သူဟု ယူဆရသူများကို အမှုဖွင့်အရေးယူရန် စီစဉ်

8.1.1

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် လုံခြုံရေးတာဝန် ယူနေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
သြဂုတ် ၂၄ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု၍ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖျက်ဆီးမှုမှ ကျူးလွန်သူဟု ယူဆရသူများကို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက် နေကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အကြမ်းဖက် ဖျက်ဆီးမှုကြောင့် နေအိမ် ၄၄ လုံး မီးလောင် ပျက်စီးခဲ့ကာ ရွာအတွင်းရှိ ဈေးဆိုင် ကိုးဆိုင်၊ အိမ်ဆိုင်လေးဆိုင် ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် အခြားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၆ နာရီခွဲခန့်က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာအုပ်စု၊ ဇီးပင်သာရွာနေ အမျိုးသမီးတစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/၀ယ်ရေး ဆိုင်မှပြန်လာစဉ် ထန်းကုန်းကျေး ရွာနှင့် ဇီးပင်သာကျေးရွာကြား အရောက်တွင် ထန်းတောကျေးရွာနေ အစ္စလာမ်ဘာသာဝင် ဆန်းမင်းဦး ဆိုသူမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။
ထိုသို့ ကြိုးစားစဉ် ဇီးပင်သာ ကျေးရွာဘက်မှ လူတစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးမှာ ထန်းကုန်းကျေး ရွာဘက်သို့ ထွက်ပြေးသွား ခဲ့သော်လည်း ၀ိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင် ထားခဲ့ပြီး မလိုလား အပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ရွှေဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင် ခဲ့ရကြောင်း သိရသည်။
ထို့နောက် ည ၇ နာရီခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့် တို့မှ ထန်းကုန်းရဲစခန်းသို့ ရောက်ရှိခဲ့ကြပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း ယင်းနောက် အဆိုပါ လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်ခြံတစ်ခြံတို့အား မီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူအုပ်စုမှာ ည ၉ နာရီခန့်မှ နံနက် ၁နာရီကျော်အထိ စုဝေးမှုများ ဖြစ်ပေါ်ခဲ့ပြီး မီးရှို့ဖျက်ဆီး မှုများ ပြုလုပ်ခဲ့သောကြောင့် နံနက် ၁ နာရီ ၁၅ မိနစ်တွင် သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူ တစ်ဦးနှင့် အကြမ်းဖက် ဖျက်ဆီးရာတွင် ပါဝင်သည်ဟု ယူဆရသူ ၁၁ ဦးအား အမှုဖွင့် အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment