Monday, August 26, 2013

လက်ရှိတရား စီရင်ရေးတွင် အမှုများ စစ်ဆေးရာ၌ ကြန့်ကြာနေသဖြင့် အများပြည်သူ အတွက် တရားဥပဒေ၏ အကာအကွယ် ရရှိရန် ခက်ခဲနေ

8.1.1
မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ အမှုရုံးချိန်းအတွက် လာရောက် ကြသူများကို ၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းက တွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိတရား စီရင်ရေး အပိုင်းတွင် တရားစီရင် ဆုံးဖြတ်နိုင်ရန် အတွက် အမှုစစ်ဆေး မှုများ ပြုလုပ်ရာ၌ ကြန့်ကြာမှုများ ရှိနေကြောင်း ယင်းကြောင့် အများပြည်သူ အတွက် တရားဥပဒေ၏ အကာအကွယ် ရရှိရန် ခက်ခဲနေကြောင်း တရားရုံးများတွင် အမှုရင်ဆိုင် နေရသူများထံမှ သိရသည်။
ထို့ပြင် အမှုစစ်ဆေးနေသည့် ကာလကြာမြင့် လာသည့်အတွက် တရားရုံးသို့ အမှုရင်ဆိုင်ရန် ရုံးချိန်း လာရောက် နေရသူများမှာလည်း စရိတ်စက ကြီးမြင့်မှုကိုပါ ရင်ဆိုင်နေရကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက် ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှာ နှစ်နှစ်ကျော်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်ထိ တရားလိုပြ သက်သေများကိုသာ စစ်ဆေးနေကြောင်း သိရှိရသည်။
အဆိုပါအမှု တရားလိုပြ သက်သေများ အနက်မှ ယခင်ရုံးချိန်း မလာရောက်နိုင်သည့် တရားလိုပြ သက်သေများကို ဆက်လက်စစ်ဆေး နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူ လိုင် ၉ ရက်က ၎င်းအမှုကိုကိုင်သည့် အမှုစစ်အရာရှိကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိ အမှုအခြေအနေမှာ နှစ်နှစ်ကျော် ကြာပြီဖြစ်ပြီး ယခုလ ၂၇ ရက်တွင် စွဲချက်တင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အမှုကြန့်ကြာ နေသည်နှင့် ပတ်သက်၍ သေဆုံးခဲ့သူ ကျော်မင်း၏ မိခင်ဖြစ်သူ ဒေါ်စန္ဒာက ''သားဖြစ်သူက သေဆုံးပြီး အမှုရင်ဆိုင်တာ နှစ်နှစ်နီးပါးရှိပြီ။ အမှုက ဘာမှကို မထူးခြားသေးပါဘူး။ သင်္ဃန်းကျွန်းမှာ အမှုကို အရင်စစ်ဆေးတယ် ပြီးတော့ လုံခြုံရေး အခြေအနေရဆိုပြီး အင်းစိန်ကို ပြောင်း စစ်ဆေးတယ်။ အင်းစိန်မှာ စစ်ဆေးတော့လည်း အမှုကို အစကနေ ပြန်စစ်ဆေးတယ်။ သင်္ဃန်းကျွန်းမှာ အမှုကို စစ်ဆေးခဲ့တာတွေ ရှိတာပဲ ဘာဖြစ်လို့ ပြန်စစ်ဆေးတာလဲ။ အမှုကို ကြန့်ကြာစေချင်လို့လား။ အမေတို့မှာ တရားရုံး တစ်ခါတက်တိုင်း ပိုက်ဆံကုန်တယ်။ အချိန်ကုန်တယ်။ ကုန်တဲ့ ပိုက်ဆံကို ရှာဖို့အတွက်လည်း စီးပွားရေးက ကောင်းတာမဟုတ်ပါဘူး။ အမှုကိုကြာပြီး ပျောက်သွားမှာ။ ကျူးလွန် သူတွေ အတွက်အမှုက ပေါ့သွားမှာ အမေတို့ အနေနဲ့ စိုးရိမ်ပါတယ်။ ငွေ များငွေနိုင် ဖြစ်သွား မှာကို ကြောက်မိတယ်' ဟု ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်တွင် ယောက္ခမဖြစ်သူ၏ နေအိမ်၌ ထိုးသွင်းဒဏ်ရာ အပါဝင် ဒဏ်ရာပေါင်း ၁၈ ချက်ဖြင့် သေဆုံးခဲ့သည့်မထက်ထက်အေးကျော် အမှုမှ တရားခံ ရဲမာန်ပြည့်အား အရှေ့ပိုင်းခရိုင် တရားရုံးက ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
''အမှုက တစ်နှစ်နဲ့ ခုနစ်လ ကြာမြင့်ခဲ့တယ်။ အမှုကိုင်ရဲနဲ့ အမှုရဲ့တာဝန်ရှိသူတွေက အမှုအပေါ်မှာ ကြီးကြပ်မှုက ပေါ့လျော့မှုတွေ ရှိခဲ့ပါတယ်။ သက်သေစစ်မယ်ဆိုပြီး ခေါ်ရင်လည်း ကျွန်တော်တို့ ရောက် သွားတဲ့ အချိန်မှာ သက်သေကို သမ္မန်စာ ထုတ်မထားပါဘူး။ သက်သေဆိုတာ သမ္မန်နဲ့ ဆင့်ခေါ်မှ လာမှာလေ။ ကျွန်တော့်ညီမ သူ့အမေ အနေနဲ့ ဆိုရင်လည်း တရားရုံး တစ်ခါသွားရင် သွားစရိတ် ပြန်စရိတ်၊ စားစရိတ်နဲ့ တရားရုံး စရိတ်တွေကို လမ်းဘေးမှာ ကွမ်းယာရောင်းပြီး သမီးအသတ်ခံရတဲ့ အမှုကို လိုက်ခဲ့ပါတယ်။ အမိန့်ချမယ် ဆိုပြီး တရားရုံးက ဆင့်ခေါ်လို့ သွားခဲ့ပေမယ့် အမိန့်ချမယ့်အချိန် နားရောက်မှ အမှုကို နောက်တစ်နေ့မှ အမိန့်ချမယ်ဆိုပြီး ရွှေ့ဆိုင်းလိုက်တယ်။ ဒီအတွက်ကြောင့် မိခင်ဖြစ်တဲ့သူက အချိန်ကုန်၊ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ခဲ့ပါတယ်။ အမှုရဲ့ ကြန့်ကြာမှုတွေကြောင့် မိခင်ဖြစ်တဲ့သူ သိန်း ၃၀ နီးပါး ကုန်ကျခဲ့ပါတယ်။ သမီးလည်းဆုံး ငွေလည်းကုန် ဖြစ်ခဲ့ရပါတယ်'' ဟု မထက်ထက်အေးကျော်၏ ဦးလေးဖြစ်သူ ဦးစိန်ဝင်းက ပြောကြားခဲ့သည်။

အောက်ရုံးက စစ်ဆေးနေသည့် အမှုများကို ကြန့်ကြာမှု မရှိအောင် အထက်ရုံးက ကြပ်မတ် စစ်ဆေးသင့်ကြောင်း တရားသူကြီး၊ ရှေ့နေများ၏ တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်မှုများမှာ အားနည်းပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန်စစ်ဆေး သင့်ကြောင်း လွှတ်တော်၌ ရှိနေသည့် တရားစီရင်ရေးဆိုင်ရာ ကော်မတီများကို တင်ပြပြီး တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်ပေးမည် ဆိုပါက အဆင်ပြေနိုင်ကြောင်း...


''အမှုကြန့်ကြာ မှုတွေထဲက တစ်ခုက တရားရုံးတွေ ၀န်ထမ်းတွေအပေါ် ကြီးကြပ်မှု အားနည်းနေ သေးတာပဲ။ ဥပမာ-တရားပြိုင် အပေါ် သမ္မန်စာချတဲ့အခါ တရားပြိုင်ရုံးရှေ့ ရောက်ရမယ့်နေ့ မှာ ဆင့်စာလုလင်က သမ္မန်စာကို တရားရုံးကို ပြန်မသွင်းတာ မျိုးတွေရှိတယ်။ အမှန်ဆိုရင် သူတို့တာဝန် က ဆင့်စာအတည်ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို တရားရုံးကို မှတ်ချက်နဲ့တကွ ရုံးချိန် အမီ ပြန်သွင်းရမှာ။ အဲလို ပြန်မသွင်းတဲ့ အခါမျိုးတွေမှာ တရားရုံးက ဆင့်စာပြန်မ၀င်သေး ဘူးဆိုပြီး ရုံးချိန်းထပ်ပေးတာ မျိုးတွေရှိတယ်။ တကယ်တော့ ဆင့်စာလုလင်ကို ချက်ချင်းခေါ်ပြီး ဆင့်စာပြန် မသွင်းတဲ့အကြောင်း ချက်ချင်းဖြေရှင်း ခိုင်းရမယ်။ ဒါမှ တရားလိုအနေနဲ့ လိပ်စာအသစ် တင်ရမှာလား၊ သတင်းစာကနေ အခြားနည်းနဲ့ လျှောက်ရမှာလား။ သမ္မန်စာ လုလင်ဆီက အကျိုးအကြောင်း ဘာမှမသိဘဲ ရုံးချိန်းပြန် ပေးတော့ အဲဒီမှာတင် ရုံးချိန်းတစ်ချိန်းက ဟသွားပြီး အမှုကြန့်ကြာ တာမျိုးတွေရှိတယ်'' ဟုလည်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။
အမှုမှန် ပေါ်ပေါက်ရေးအတွက် မှန်ကန်သည့် တရားစီရင်ရေးဖြစ်ရန် လိုအပ်ကြောင်း၊ မှန်မှန်ကန်ကန် တရားစီရင် နိုင်ရန်အတွက် သက်သေခံချက် ကောက်ယူသည့် အခါတွင်လည်း ဘက်လိုက်မှု မရှိဘဲ ဆောင်ရွက်သင့်ကြောင်း၊ တရားခွင်၌ ဥပဒေ အရာရှိနှင့် ရှေ့နေတို့ကို အခွင့်အရေး တန်းတူပေးကာ မျှတသည့် တရားစီရင်ချက်များ ချမှတ်ရန် လိုအပ်ကြောင်းလည်း ဥပဒေ ပညာရှင်များက ဆိုပါသည်။
''ဒီလို အမှုတွေ ကြန့်ကြာနေတာဟာ ပြည်သူတွေကို သက်သက် နှိပ်စက်နေသလို ဖြစ်နေပါတယ်။ တရားရုံးတွေမှာ တစ်နေ့လုံး ထိုင်ခိုင်းပြီး အချိန်ကုန် နေရပါတယ်။ ဒီလိုကိစ္စတွေ ဆက်မဖြစ်အောင် တရားရုံးကို စောင့်ကြည့်တဲ့ တရားရုံး သတင်းထောက်တွေ၊ လွတ်လပ်တဲ့ အသင်း အဖွဲ့တွေ ပေါ်ပေါက် လာအောင် အားပေးသင့်ပါတယ်။ နောက်ပြီး ခုံသမာဓိ တရားစီရင်ရေးစနစ် (Arbitration) ကို ပြန်လည်ကျင့်သုံး သင့်ပါတယ်။ ပြည်သူအချင်းချင်း ဖြစ်တဲ့ ပဋိပက္ခတွေမှာ နှစ်ဖက်စလုံးက ရွေးချယ်တဲ့ ခုံသမာဓိ လူကြီးတွေကနေ တရားမျှတစွာ စီရင်ဆုံးဖြတ်တဲ့ ကိစ္စတွေအပေါ် တရားရုံးက အသိအမှတ် ပြုပေးရပါမယ်။ နောက်ပြီး ခုံသမာဓိ စနစ်ကို ရာဇ၀တ် ကျင့်ထုံးအရလည်း ခွင့်ပြုထားပါတယ်။ Arbitration Law ကလည်း တရားဝင် တည်ဆဲဥပဒေဖြစ်ပြီး ဖျက်သိမ်းခြင်းလည်း မရှိသေးပါဘူး။ ဒါမှသာ တရားရုံးကို အမှုတွေစုပြုံ ရောက်မလာတော့ဘဲ ပြည်သူတွေ အနေနဲ့လည်း စရိတ်အကုန်အကျ သက်သာမယ်။ အချိန်ကုန် သက်သာမှာ ဖြစ်ပါတယ်'' ဟု ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။
အလားတူ ရန်ကုန်မြို့တွင် ဒါရိုက်တာဇင်မင်း အသတ်ခံရသည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း အဓိက ကျူးလွန်သူကို မမိသေးသည့်အပြင် ခရိုင်တရားရုံးတွင် လိုပြသက်သေ စစ်ဆေးသည့် အဆင့်သာ ရှိနေသေးကြောင်း၊ အမှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စ၍ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ပြီး ရဲစစ်ချက်များအရ တရားလိုပြ သက်သေ ၁၈ ဦး ထိရှိနေပြီး တရားခွင် တရားသူကြီး အပြောင်းအလဲ ရှိခြင်းနှင့် အဓိက တရားခံကို ဖမ်းဆီးရမိခြင်း မရှိခြင်းတို့မှာ အမှုကို ကြန့်ကြာစေကြောင်း ကိုဇင်မင်း၏ သူငယ်ချင်း ဖြစ်သူက ပြောကြားခဲ့သည်။
''တရားစီရင်ရေးမှာ ရာဇ၀တ်မှုနဲ့ တရားမမှုဆိုပြီး နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းလုံးမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေပါတယ်။ ရာဇ၀တ်မှု တွေမှာဆိုရင် ရဲအရေးယူပိုင်ခွင့် ရှိတဲ့အမှုနဲ့ ရဲအရေးယူပိုင်ခွင့် မရှိတဲ့ အမှုဆိုပြီး ရှိရာမှာ ရဲအရေးယူပိုင်ခွင့် ရှိတဲ့အမှုတွေ ဆိုရင် နိုင်ငံတော် ကိုယ်စား ရဲကတရားစွဲ ဆိုရပါတယ်။ တရားစွဲဆိုတဲ့ ရဲကိုယ်တိုင်က တရားလိုအဖြစ် တရားစွဲဆိုရပြီး အမှုကို ကိုယ်တိုင် တည်ဆောက် တရားလိုပြ သက်သေတွေကို တရားရုံးကို တင်သွင်းရပါတယ်။ ရဲအရေးယူပိုင်ခွင့် မရှိတဲ့ အမှုတွေမှာ တရားလိုကိုယ်တိုင် အမှုကို တည်ဆောက်၊ တရားလိုပြ သက်သေစာရင်းကို တရားရုံးမှာ တင်ပြရပါတယ်။ နောက်တစ်ချက်ကတော့ တရားရုံးတွေ အနေနဲ့ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ အမှုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးဆောင်ရွက် ရပါမယ်။ နောက်တစ်ချက်ကတော့ အမှုတွေမှာ ကြားဖြတ်လျှောက်ထား ချက်တွေနဲ့ ပတ်သက်ပြီး ကြားဖြတ် အမိန့်တွေကို ရုံးချိန်းတစ်ချိန်းနဲ့ တစ်ချိန်းကြားမှာ ပြီးအောင် လုပ်ပေးရပါမယ်။ ဒီလိုကိစ္စတွေကို နယ်တရားရုံးတွေမှာ မကြာမကြာ တွေ့နေရပါတယ်'' ဟု ရှေ့နေဦးဖိုးဖြူက ဆိုသည်။
8.1.1
မြောက်ဥက္ကလာပ တရားရုံးသို့ လာရောက် ကြသူများအား သြဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
''တရားစွဲဆိုသူတွေ အနေနဲ့ တရားဥပဒေကို နားလည်တက်ကျွမ်းတဲ့ ရှေ့နေတွေကို ငှားရမ်းရ ပါတယ်။ ရှေ့နေ ငှားရမ်းခ အနေနဲ့ ကျပ်ငါးသိန်းမှ ကျပ်ဆယ်သိန်း အထိ ရှိနိုင်ပါ တယ်။ ရှေ့နေတွေ အတွက် ရုံးတက်စရိတ်ကတော့ ကျပ်နှစ်သောင်းကနေ ကျပ်ငါးသောင်းအထိ ရှိနိုင်သလို အနိမ့်ဆုံး တစ်ရက်ဆိုရင် တောင်မှ ကျပ်နှစ်သောင်း ခွဲလောက် ကုန်ကျပါတယ်။ မရှိ ဆင်းရဲတဲ့ ပြည်သူတွေ ဆိုရင်တော့ တစ်ရက်ကို ကျပ်ငါးထောင်လောက် ကုန်ကျတာတွေ ရှိပါတယ်။ ဒါက ရုံးအခွန်တော်တွေ မပါသေးပါဘူး။ ကျွန်တော် တွေ့ခဲ့ရတဲ့ အမျိုးသမီး တစ်ယောက်ဆိုရင် ခရီးစရိတ် တစ်ခုတည်းကိုပဲ ကျပ်သိန်း ၁၅၀ လောက် ကုန်ကျခဲ့ပါတယ်'' ဟု ရှေ့နေဦးဖိုးဖြူက ဆိုပါသည်။
တရားမမှုများ၌လည်း တရားရေး စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ အတိအကျ အကောင်အထည် ဖော်ရန်လိုကြောင်း တရားမမှုများ တွင် သက်သေများကို အချိန်အကန့် အသတ်ထား စစ်ဆေးပြီး အခြားအမှု သည်များက စောင့်ဆိုင်း နေရသည့် ပုံစံမျိုး မဖြစ်အောင် ဆောင်ရွက်ပေးရန် လိုကြောင်း ယင်းကိစ္စများကို ဖြေရှင်းရန် အောက်ရုံးက စစ်ဆေးနေသည့် အမှုများကို ကြန့်ကြာမှု မရှိအောင် အထက်ရုံးက ကြပ်မတ် စစ်ဆေးသင့်ကြောင်း တရားသူကြီး၊ ရှေ့နေများ၏ တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်မှုများမှာ အားနည်းပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန်စစ်ဆေး သင့်ကြောင်း လွှတ်တော်၌ ရှိနေသည့် တရားစီရင်ရေးဆိုင်ရာ ကော်မတီများကို တင်ပြပြီး တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်ပေးမည် ဆိုပါက အဆင်ပြေနိုင်ကြောင်း ရှေ့နေဦးဖိုးဖြူက အကြံပြုသည်။
''အမှုဖြစ်ပြီ ဆိုကတည်းက ပိုက်ဆံကတော့ ကုန်တာပါပဲ။ ရုံးချိန်း တစ်ခါလာရင် အသွား အပြန် တက္ကစီခ၊ စားသောက်စရိတ် တစ်ခေါက်ကို ကျပ်တစ်သောင်းနီးပါး ကုန်တယ်။ အမှုက တစ်ခါတလေ မစစ်ဖြစ်ဘဲ ရုံးချိန်းပြန်ချိန်း လိုက်တာတွေ ရှိတယ်။ အဲဒါမျိုးတွေဆို ငွေကုန်တာပဲ အဖတ်တင်တယ်။ ကျွန်တော် ဖြစ်နေ တဲ့ အမှုက တရားမမှု ဆိုတော့ အချိန်ကြာလေ ငွေကုန်လေ ဖြစ်မှာပဲ။ စီရင်ချက်က ဘယ်လိုလာမလဲ မသိသေးဘူး။ ဒီအမှုကို မြန်မြန်ပြီးပြတ် စေချင်နေပြီ'' ဟု မြောက်ဥက္ကလာပ မြို့နယ်နေ ဦးကျော်လှက ဆိုသည်။
ရှေ့နေဦးဖိုးဖြူက ''ရာဇ၀တ်မှု တွေမှာဆိုရင်တော့ ရဲအရေးပိုင်တဲ့ အမှုတွေဆိုရင် ရဲတပ်ဖွဲ့မှာ အမှုဖွင့် ရပါတယ်။ အမှုဖွင့်ပြီးရင် ရဲတပ်ဖွဲ့က စွပ်စွဲခံရသူကို ဖမ်းဆီးစစ်ဆေး ရပါတယ်။ သက်သေတွေကိုလည်း စစ်ဆေးရပါတယ်။ ပြီးရင် သက်ဆိုင်ရာ ဥပဒေ အရာရှိတွေထံက ဥပဒေ အကြံပြုချက် တောင်းခံ ရပါတယ်။ နောက်ဆုံးမှာ တရားရုံးက ဒီအမှုကို စတင်စစ်ဆေး ရပါတယ်။ ရဲအရေး မပိုင်တဲ့ အမှုတွေမှာလည်း တရားစွဲဆို လိုသူဟာ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တရားစွဲဆို နိုင်ပါတယ်။ တရားမအမှုတွေ မှာတော့ အမှုသည်တွေကပဲ တရားစွဲဆို ရပါတယ်။ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ပြီး ရသင့်ရထိုက်တဲ့ ဥပဒေ အခွင့်အရေးကို တရားရုံးက တောင်းခံ နိုင်ပါတယ်။ တရားမမှု ဖွင့်လှစ်စစ်ဆေး တဲ့အခါ တရားရုံးက တရားပြိုင်ဆီကို သမ္မာန်စာပေးပို့ အကြောင်းကြား ရပါတယ်။ တရားလိုက အဆိုလွှာ တင်သွင်းပြီးနောက် တရားပြိုင်က အဆိုလွှာနဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို တောင်း ယူကြည့်ရှု နိုင်ပါတယ်။ ဒီနေရာမှာလည်း နှစ်ဖက် အငြင်းပွားမှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ပြီးရင် တရားပြိုင်က အချေလွှာနဲ့ အချက်အလက်တွေ တင်သွင်း၊ တရားလိုပြ သက်သေတွေနဲ့ တရားပြိုင်ပြ သက်သေတွေကို စစ်ဆေး၊ နှစ်ဖက်လျှောက်လဲ ချက်တွေကို ကြားနာပြီးရင် တရားရုံးက အမိန့်ချပေး ရပါတယ်'' ဟု ပြောကြားသည်။
အမှန်တရားအတွက် တရားဥပဒေ၏ အကာအကွယ် ရရှိရန် တရားရုံးများကို အားကိုးခဲ့သူများ သည်လည်း စီရင်ချက် မချမီ တရားရုံးသို့ နှစ်နှင့်ချီပြီး သွားနေရသဖြင့် အချိန်ကုန် ငွေကုန် လူပင်ပန်းဖြစ်ကာ တရားဥပဒေ၏ အကာအကွယ် ရရှိရန် ခက်ခဲလာကြောင်း တရားရုံးများမှ တစ်ဆင့် တရားဥပဒေ၏ အကာအကွယ်ကို ယူရန် ပြည်သူများက ယုံကြည်မှု ကင်းမဲ့လာပါက နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာမည် ဖြစ်ကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။
အလားတူ အမှုစစ်ဆေးရာ၌ ကြန့်ကြာမှုများ၏ နောက်ကွယ်တွင် အဂတိ လိုက်စားမှုများ ပြုလုပ်လို၍ အချိန်ဆွဲခြင်းများ မဖြစ်စေရန် တရားစီရင်ရေးနှင့် ဆက်နွယ်သည့် တာဝန်ရှိသူများက တရားခွင်များ အား စောင့်ကြည့်စစ်ဆေး သင့်ကြောင်း တရားရုံးနှင့် နီးစပ်သူများက အကြံပြုကြသည်။

Eleven Media Group

No comments:

Post a Comment