Friday, August 9, 2013

အပူပိုင်းမုန်တိုင်း အကြွင်းအကျန်ကြောင့် ဒေသအချို့ ရေကြီးမှု အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့နိုင်


တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေသို့ သြဂုတ်လ ၈ ရက်နေ့က ဝင်ရောက် ခဲ့ရာ မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ သို့ ဝင်ရောက်နိုင်ဖွယ် ရှိခြင်းကြောင့် ရေကြီးမှု အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့နိုင်ပြီး စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

တုံကင် ပင်လယ်ကွေ့ (တောင်တရုတ် ပင်လယ်ပြင်) တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း မန်းကွတ် (Mangkhut) သည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သတင်း ထုတ်ပြန်သည်။

မုန်တိုင်း အကြွင်းအကျန်များသည် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့သို့ ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းအထက် ပိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသအချို့တွင် ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဦးထွန်းလွင်က ခန့်မှန်း ပြောကြားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့ မွန်−တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက သြဂုတ်လ ၈ ရက်နေ့တွင် ကြေညာသည်။

ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှု များကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ အတွင်းရှိ မြို့နယ် အချို့နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီမြို့နယ်တို့တွင် ရေလွှမ်း မိုး ကာ ရေဘေးဒုက္ခများ ဖြစ်ပေါ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် ဘားအံမြို့နယ်၊ လှိုင်းဘွဲ့ မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် ကမမောင်းမြို့နယ်ခွဲအတွင်း ရေဘေးသင့် အိမ်ထောင်စု ပေါင်း ၆၇၃၃ စု၊ လူဦးရေ ၃၃,၄၀၉ ဦးတို့အား ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ် ကူညီလျက်ရှိခဲ့ရာမှ သြဂုတ်လ ၅ ရက်နေ့တွင် အိမ်ထောင်စု ၃၄၄၀ စု လူဦးရေ ၁၆,၅၇၉ ဦးသာ ကျန်ရှိ၍ ကယ်ဆယ်ရေး စခန်း ၄၇ ခုဖြင့် လိုအပ်သော ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုး မှုကြောင့် သြဂုတ်လ ၅ ရက်နေ့အထိ လူခြောက်ဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ တံတား လေးစင်း ပျက်စီးကာ ခေတ္တ ပိတ်ထားရသော အခြေခံပညာ စာသင်ကျောင်း ၃၆၇ ကျောင်းနှင့် ရေနစ်မြုပ်ဆဲ စပါးစိုက် ဧက ၃၆၇၅ ဧက ဖြစ်ကြောင်း အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရ သည်။

မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ် တို့တွင်လည်း ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁၀၅၀ စု၊ လူဦးရေ ၄၆၈၀ ဦးတို့အား ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ် ကူညီ ခဲ့ရာမှ မြစ်ရေ ပြန်လည် ကျဆင်းသွားသဖြင့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ် ရှိ ရေဘေးသင့် ပြည်သူများမှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ရောက်ရှိ သွားပြီ ဖြစ်ကြောင်း၊ ကျိုက်မရောမြို့နယ်တွင် အိမ်ထောင်စု ၃၆၁ စု၊ လူဦးရေ ၁၆၀၀ ဦးအား ကယ်ဆယ်ရေးစခန်း သုံးခုဖြင့် ကူညီ စောင့်ရှောက် လျက်ရှိပြီး မြစ်ရေကြီး မှုကြောင့် မုဒုံမြို့နယ်တွင် တံတား တစ်စင်းနှင့် ပေါင် မြို့နယ်တွင် စာသင်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ကာ ကျိုက်မရော မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်း ၅၈ ကျောင်းကို ခေတ္တ ပိတ်ထား ရကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု ၃၂၄ စု၊ လူဦးရေ ၁၆၇၀ ဦး အား ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်လှစ်၍ ကူညီ စောင့်ရှောက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment