Friday, August 9, 2013

ရခိုင်နှင့် မိတ္ထီလာတွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေ့လာမည်ဟု ကင်တားနားဆို


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် မတူညီသော လူ့အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို လာရောက်လေ့လာသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကတိပေး ပြောကြားထားသည့်အတိုင်း ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့ နယ်တို့တွင် မတူညီသော လူ့အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို လေ့လာစစ်ဆေးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၁၁ ရက်ကြာမြင့်မည့် ယင်းခရီးစဉ်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အခြေအနေ အရပ်ရပ်တို့ကို လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆေးမှုများသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်မှုနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှု အခြေအနေများကို သိရှိနိုင်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ ဝန်ထမ်းများ ကိုလည်း သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း မစ္စတာကင်တာနားက ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရကိုယ်တိုင် ပါဝင်သည့် လယ်ယာမြေ သိမ်းဆည်းမှု၊ ဒေသခံများ မလိုလားသည့် ဖွံ့ဖြိုးစီမံကိန်း အချို့ဆောင်ရွက်နေမှုများ၊ လူ့အခွင့်အရေးကို ထိပါးနိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ သယံဇာတ တူးဖော်မှုများ၊ မီဒီယာဥပဒေ ရေးဆွဲမှုများတွင် လူ့အခွင့်အရေးစံချိန်နှင့် ကိုက်ညီမှုရှိ၊ မရှိတို့နှင့် ပတ်သက်၍ မစ္စတာကင်တားနားက အစိုးရအရာရှိများနှင့် တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကင်တားနားက ပြောဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လလယ် ဝန်းကျင်တွင် ရောက်ရှိမည်ဖြစ်ပြီး အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင်ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး အစီရင်ခံရန် ကင်တားနားသည် ယခုတစ်ကြိမ် မတိုင်မီ ရှစ်ကြိမ် တရားဝင် လာရောက်ခဲ့ပြီး ဖြစ်သည်။

The Voice

No comments:

Post a Comment