Monday, September 16, 2013

အွန်လိုင်းမှ လေယာဉ်လက်မှတ်မှာယူသည့်စနစ် Air KBZ စတင်

Air KBZ လေကြောင်းလိုင်း၏ ပထမဦးဆုံးအကြိမ် အွန်လိုင်းမှတဆင့် လေယာဉ်လက်မှတ်ဖြတ်နိုင်သည့် ၀န်ဆောင်မှု ကို တနင်္လာနေ့တွင် စတင်မည်ဖြစ်ကြောင်းလေကြောင်းလိုင်းမှ ပြောကြားလိုက်သည်။ခရီးသည်များအနေဖြင့် လူကိုယ်တိုင်လာရောက်စရာမလိုဘဲ အဲယားကမ္ဘောဇလေကြောင်းလိုင်း ၀က်ဆိုဒ် စာမျက်နှာမှတဆင့် လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းကာ သွားရောက်လိုသည့် ခရီးစဉ်အတွက် လက်မှတ် များကို အင်တာနက်မှ တဆင့်မှာယူနိုင်မည်ဖြစ်သည်။

ယခု လောလောဆယ်တွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ဟဲဟိုး မြို့များတွင် စတင်မည်ဖြစ်ကြောင်း Air KBZ မန်နေဂျင်း ဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောသည်။

“ကျနော်တို့ ၀က်ဆိုဒ်မှာ တင်ထားပါပြီ၊ ပြည်တွင်းမှာပဲခင်ဗျ။ ၀က်ဆိုဒ်မှာကြည့်လိုက်ရုံပါပဲ ကိုယ်ကဘယ် ကိုသွားမယ်၊ ငွေဘယ်လောက်ကျမယ်။ ခရီးမစခင် ရက်ကြိုဖြတ်နိုင်မယ်ဆိုရင် ဈေးနှုန်း သက်သက် သာသာနဲ့ ရအောင်စီစဉ် ထားပါတယ်” ဟု ဦးမိုးဆန်းအောင်က ဆိုသည်။

ဘဏ်ကဒ်၊ ဘဏ်စာအုပ်မရှိသေးသည့် ခရီးသည်များအနေဖြင့် Air KBZ ရုံးဖြစ်စေ၊ လေဆိပ်ရှိ Air KBZ ရုံးတွင် ငွေပေးချေပြီးစီးပါက E-TICKET (အွန်လိုင်းလက်မှတ်မှာယူစနစ်) လက်မှတ်များကို ခရီးစဉ် မတိုင်မီ ကြိုတင်ထုတ်ယူထားရှိ နိုင်မည်ဖြစ်သည်။

အင်တာနက် အွန်လိုင်းမရရှိသေးသည့် Air KBZ လေကြောင်းလိုင်း ပြေးဆွဲရာ မြို့များတွင် ၀က်ဆိုဒ်မှ တဆင့် အဆင်မပြေနိုင်သေးသော်လည်း ခရီးစဉ်ရက်မတိုင်မီခရီးသည်များအနေဖြင့် အင်တာနက် အွန် လိုင်းရရှိသည့် မြို့များမှ တဆင့်သွားလိုသည့် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ရရှိရေး ကြိုတင် စီစဉ်နိုင်မည်ဖြစ်သည်။

“စစချင်းဆိုတော့ ကျွန်မတို့ နည်းနည်းတော့ အလုပ်ပိုရှုပ်သွားတာပေါ့။ system တွေအားလုံး ပြီးဆုံးပြီ ဆိုတော့ လွယ်ကူသွားမှာပါ။ လေယာဉ်လက်မှတ်တွေကို အီးမေးလ်နဲ့ လှမ်းပို့ပေးလို့ရပါပြီ” ဟု ရန်ကုန်မြို့ Mya Mandalay Travels and Tours လက်မှတ် အရောင်းဌာနမှ မမြက ပြောသည်။

ငွေပေးချေရာတွင် မြန်မာငွေနှင့်ဖြစ်စေ၊ ဒေါ်လာနှင့်ဖြစ်စေ ပေးချေနိုင်ပြီး လေယာဉ်ခရီးစဉ်၊ လက်မှတ်၊ အချိန်၊ နှုန်းထားများကို Air KBZ ၀က်ဆိုဒ်တွင် ၀င်ရောက်ကြည့်ရှုဝယ်ယူနိုင်ပြီဖြစ်သည်။
 
Mizzima - News in Burmese

No comments:

Post a Comment