Sunday, September 29, 2013

ထိုင်း-မြန်မာနယ်စပ် ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းတွင် စခန်းချထားသော နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူ

X-29-9
မြ၀တီတံတားအနီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် သောင်းရင်းမြစ်လယ် မှ ရေလယ်ကျွန်းကို တွေ့ရစဉ်
ထိုင်း-မြန်မာ နယ်စပ်ရှိ ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်း များတွင် တပ်စွဲထားသော နှစ်ဖက် တပ်များ နေရာပြောင်း ဆုတ်ခွာရန် စက်တင်ဘာ ၂၇ ရက်က မြ၀တီမြို့၊ အေးချမ်းဖြိုး ရိပ်သာတွင် ပြုလုပ် ခဲ့သော TBC(Town Border Committee) ၏ အကြိမ် (၃၀)မြောက် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြောင်း သိရသည်။
"အဓိက ဆွေးနွေးတာကတော့ ပြဿနာဖြစ်နေတဲ့ ဆင်ဖြူသိမ်ကုန်းနဲ့ မယ့်ကွန်ကစ်ဘက်မှာ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်တပ်တွေ ချထားတယ်။ ဒါကို ရွှေ့ဆိုင်းဖို့ ဆွေးနွေးကြတယ်။ ဒေသဆိုင်ရာ နယ်ခြားကော်မတီ မှာ ဆွေးနွေးခဲ့ပြီးပြီ။ ဒီနေ့ထပ် ဆွေးနွေးပြီး ဆုတ်ခွာဖို့ သဘောတူ လိုက်ပါတယ်" ဟု ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အမှတ် (၄) ဒေသကွပ်ကဲရေးတပ် တပ်ရင်းမှူး ဥုကရစ်နိုကဖန်က ဆွေးနွေးပွဲ အပြီးတွင် သတင်းထောက် များ ကို ပြောကြားခဲ့သည်။

မြ၀တီမြို့၏ မြောက်ဘက်တစ်မိုင်ခန့် အကွာတွင် ရှိနေသော ဆင်ဖြူသိမ် ကုန်းကျွန်းသည် မြန်မာ ပိုင်မြေ ဖြစ်သော်လည်း သောင်ရင်းမြစ်လမ်းကြောင်း ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံဘက် တာ့ခ်ခရိုင် ဘက်သို့ ရောက်သွား ရာမှ ထိုကျွန်းတွင် မြန်မာတပ်စိတ် တစ်ခုကို နေရာချထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မက်ကွန်ကစ်ကျွန်းမှာ မြ၀တီမြို့၏ တောင် ဘက် ၁၅ မိုင်ခန့် အကွာတွင် ရှိနေသည်။

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသည် TBC အဆင့်ဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် အခြားအဆင့်များ ကျန်ရှိနေသေးကြောင်း၊ ဆွေးနွေးပွဲ သဘောတူညီခဲ့သည် ဆိုခြင်းထက် ထိုအချက် အလက်များကို ဆွေးနွေးခဲ့ကြသည် ဆိုခြင်းက ပိုမှန်နိုင်ကြောင်း ကရင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက စက်တင်ဘာ ၂၈ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။ 

"ဟိုဘက်က တောင်းဆိုတာကို ဒီဘက်က လိုက်လျောမယ်။ ဒီဘက် က တောင်း ဆို တာကို ဟိုဘက်က လိုက်လျောမယ်ဆိုပြီး သဘောတူညီ ခဲ့ကြတာပါ" ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဆွေးနွေးပွဲသည် TBC အဆင့်ဖြစ်ပြီး ဆက် လက်ဆွေးနွေးရန် အခြားအဆင့်များ ကျန်ရှိနေသေးကြောင်း၊ ဆွေးနွေးပွဲ သဘောတူညီခဲ့သည် ဆိုခြင်းထက် . . . . .

ထိုကဲ့သို့ စခန်းချထားသော နှစ်ဖက်တပ်များ နေရာပြောင်း ဆုတ်ခွာရန် အတွက် အစည်းအဝေးပေါင်း အကြိမ် (၃၀)ကျော် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီ ခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းစစ်ဘက်ဆိုင် ရာ အရာရှိများက ဆိုသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် မြ၀တီတံတား အနီးတွင် ရှိနေသော ရေလယ် ကျွန်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှု များလည်း ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ရေ  လယ် ကျွန်းကို သာယာလှပအောင် နှစ်ဖက်ပူးပေါင်း ဆောင် ရွက်ရန်နှင့် ကျွန်းပေါ်တွင် ဖြစ်ပွားနေသော မူးယစ်ဆေးဝါးကိစ္စနှင့် ရာဇ၀တ်မှု ဖြစ်ပွားခြင်းများ ကို နှစ်ဖက် ညှိနှိုင်း ဖြေရှင်းသွားရန် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ပါသည်။

သောင်ရင်းမြစ် အတွင်းရှိ မြန်မာပိုင် ရေလယ်ကျွန်းသည် မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု အများ အပြား ဖြစ်ပေါ်နေသော နေရာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက် ခံ ကော့မူးရာ ကရင်လူငယ် အစည်းအရုံး (KYO) က လူငယ်လက်နက်ကိုင် အင်အား ၂၅ ဦးနှင့်အတူ ကျွန်းကိုဝင်ရောက် ထိန်းချုပ်ခဲ့ပါသည်။ ထိုသို့ ထိန်းချုပ်လိုက်ခြင်းမှာ ရေလယ်ကျွန်း၌ မူးယစ်ဆေးဝါး ရောင်းချမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ကျွန်းပေါ်တွင် မူးယစ်ဆေးဝါး ဖြန့်ချိရေး လုပ်ကိုင်နေသူများကို သက်ဆိုင် ရာ တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ပြီးနောက် KYO များ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် အမှတ် (၄)ဒေသ ကွပ်ကဲရေးတပ်၊ တပ်ရင်းမှူး ဥုကရစ်နို ကဖန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘက်မှ TBC ယာယီ ဥက္ကဋ္ဌ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူးရန်နိုင်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment