Wednesday, October 16, 2013

နိုင်ငံတကာသတင်းတို

• အီရန်နိုင်ငံအတွင်းရှိ တက္ကသိုလ်များအား ယခင်ထက်ပို၍ လွတ်လပ်ခွင့်များ ပေးရန်အတွက် သမ္မတ ရိုဟာနီက ဆော်သြလိုက်ကြောင်း အောက်တိုဘာ ၁၅ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြ ထားသည်။ ယခင်ကာလများတွင် အီရန် တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသားများမှာ ၎င်းတို့ ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းချခံရလေ့ရှိသည်။ တီဟီရမ်တက္ကသိုလ်တွင် တက်ရောက် စကားပြောကြားခဲ့သည့် သမ္မတက အကယ်၍ ပါမောက္ခများအနေဖြင့် ၎င်းတို့၏ အမြင်သဘော ထားများအား ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပါက “အရှက်ရဖွယ်ရာ တစ်ခု” ဖြစ်လိမ့်မည် ဟုလည်း ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားလိုက်ခြင်းမှာ ရဲများအနေဖြင့် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုအပေါ် သက်ညှာစွာ အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် ဆော်သြအပြီး တစ်ပတ်အကြာတွင် ဖြစ်သည်။

• ဗြိတိန်ရဲများက အမျိုးသားတစ်ဦးအား ဘက်ကင်ဟမ်နန်းတော်သို့ ကျူးကျော်ဝင်ရောက်မှုနှင့် ဓားတစ် လက် လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်က ရိုက်တာ သတင်းဌာနမှ ဖော်ပြထားသည်။ ယခင်လကလည်း အဲလိဇဘက်ဘုရင်မကြီး၏ စံအိမ်တော်တွင် လုံခြုံရေး မတော်တဆမှုတစ်မှု ဖြစ်ပွားခဲ့သည်။ ဘက်ကင်ဟမ်နန်းတော်၏ ၀င်ပေါက်တစ်ခုတွင် ဖမ်းဆီးခြင်း ခံခဲ့ရသူ မှာ အသက် ၄၄ နှစ်အရွယ် David Belmar ဆိုသူဖြစ်ပြီး လာမည့်အင်္ဂါနေ့တွင် တရားရုံး၌ ရုံးတင် စစ်ဆေးသွားမည်ဖြစ်သည်ဟု ရဲဌာန ပြောခွင့်ရပုဂိ္ဂုလ်တစ်ဦးက ပြောကြားလိုက်သည်။ အခင်းဖြစ်ပွား စဉ်တွင် ဘုရားမကြီးမှာ နန်းတော်အတွင်း၌ ရှိမနေခဲ့ပေ။

• အမေရိကန်ပြည်ထောင်စု အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများအား ရင်ဆိုင်ရန်အတွက် အယ်လ်ကိုင်းဒါ ထိပ်တန်းခေါင်းဆောင်တစ်ဦးဟု စွပ်စွဲခြင်းခံထားရသည့် Naizh al-Ragye အား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင် ခဲ့ပြီးဖြစ်သည်ဟု အစိုးရ အရာရှိများက ပြောကြား လိုက်ကြောင်း အောက်တိုဘာ ၁၅ ရက်က ရိုက်တာ သတင်းဌာနမှ ဖော်ပြထားသည်။ Naizh al-Ragye မှာ ကင်ညာနိုင်ငံနှင့် တန်ဇေးနီးယား နိုင်ငံများ၌ ၁၉၉၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူ ၂၂၄ ဦး သေဆုံးခဲ့ရသည့် အမေရိကန်သံရုံး ဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်နေသည်ဟု သံသယရှိခြင်း ခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်းအား အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ယခုလအစောပိုင်းတွင် လစ်ဗျားနိုင်ငံအတွင်း ၀င်ရောက်ဖမ်းဆီးကာ အမေရိကန်နိုင်ငံသို့ ယခုကဲ့သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

• အင်အားပြင်းထန်သော ငလျင်တစ်ခု ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် လှုပ်ခတ်သွားသောကြောင့် လူ ၃၂ ဦးခန့် သေဆုံးသွားခဲ့ရကြောင်း အောက်တိုဘာ ၁၅ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ လူနေထူထပ်သည့် နေရာသုံးခုတွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး၊ ငလျင်ကြောင့် အဆောက်အအုံများ ပြိုကျခြင်း၊ မြေပြိုခြင်းများလည်း ဖြစ်ပွားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆီဗူးမြို့တွင် လူ ၁၅ ဦးခန့် သေဆုံးခဲ့ရပြီး လူတစ်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment