Wednesday, October 2, 2013

အရာရှိအဆင့် (ပြည်သူ့စစ်) မောင်းနှင်လာသော ကားပေါ်မှ ကျောက်စိမ်းတုံးများဖမ်းမိ


 မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် ၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၅ ရက်နေ့က မန္တလေးမှမူဆယ်သို့ ထွက်ခွာမည့် အရာရှိအဆင့်နှင့် ဒုဗိုလ်အဆင့်ရှိသူတို့ မောင်းနှင်လာသော စူပါကာစတန် ကားပေါ် မှ တရားမ၀င်ကျောက်စိမ်းတုံးများကို အကောက်ခွန်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း၊ ၁၆ မိုင်ဂိတ် တာဝန်ကျတို့ ပူးပေါင်းရှာဖွေ ဖမ်းမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်။ ၁၉း၃၀ နာရီအချိန်တွင် သံတောင် (အထူး)ပြည်သူ့စစ်၊ မန္တလေးရုံးခွဲမှ ဗိုလ်ကြီးအဆင့်ရှိရန်နိုင်စိန်နှင့် ဒုဗိုလ်အဆင့်ရှိ မင်းမင်းဦးတို့ မောင်းနှင်လာသော စူပါကာစတန်ကားသည် မန္တလေးမှ မူဆယ်သို့ အသွား ၁၆မိုင်ဂိတ်တွင် ၊ အကောက်ခွန်ဦးစီးဌာန ဦးစီးအရာရှိမင်းသန်းထိုက်နှင့်အဖွဲ့၊ နယ်မြေရဲစခန်း(အုန်းချော) စခန်းမှူးနှင့်အဖွဲ့၊ ဂိတ် လခရ တာဝန်ကျအဖွဲ့များ ပါဝင်သည့်ပူးပေါင်အဖွဲ့မှ စစ်ဆေးရာ ယာဉ်ပေါ်တွင် ယင်းကျောက်စိမ်းတုံးများကို ကွမ်ရင်မယ်တော် ရုပ်တုများနှင့်ရော၍ သယ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေးရှေးဟောင်းသုတေသနညွှန်ကြားရေးမှူးမှ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း လက်မှတ်ပါ အမြင့် နှစ်ပေခန့်ရှိ ကွမ်ရင်မယ်တော် ကျောက်စိမ်းရုပ်တု ခြောက်ဆူနှင့်အတူ သယ်ဆောင်လာသော ကားနောက် ခန်း ၀ဲဘက်ခြမ်း တံခါးဖွင့်သည့်နေရာတွင် သုံးပေပတ်လည်ခန့်ရှိ ကျောက်စိမ်း တုံး ၂ တုံးနှင့် ကားနောက် ပိုင်း တံခါးဖွင့်သည့်နေရာတွင် လေးပေ ပတ်လည် ခန့်ရှိကျောက်စိမ်းတုံး ၁ တုံး၊ စုစုပေါင်း ကျောက်စိမ်းတုံး ၃ တုံး ကို သိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။

ယင်းကျောက်စိမ်းတုံးများ၏ တန်ဘိုးကို စိစစ်ဆဲဖြစ်ပြီး သက်သေခံပစ္စည်း အဖြစ်ကျောက်စိမ်းတုံးများကို အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်းထား သည် ဟု သိရသည်။ စက်တင်ဘာ ၂၆ရက်နေ့တွင် အကောက် ခွန်ဦးစီးဌာန(မန္တလေး)၊ အကောက်ခွန်မှူး ဦးဇော်ထိုက်မှ တရားလိုပြုလုပ်ကာ ဗိုလ်ကြီးအဆင့်ရှိ ရန်နိုင်စိန် နှင့် ဒုဗိုလ်အဆင့်ရှိ မင်းမင်းဦးတို့နှစ်ဦးကို နယ်မြေရဲစခန်း(အုန်းချော)မှ (ပ)၁၂၅/၂၀၁၃ ။ ကျောက်မျက် ပုဒ်မ ၄၂(က) အရအမှုဖွင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

မန္တလေးခေတ်

No comments:

Post a Comment