Sunday, November 3, 2013

အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်သည့် အပေါ် နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ တစ်နိုင်ငံ အချုပ်အခြာ အာဏာ ကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။
"နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုလည်း လေးစားဖို့လိုပါတယ်။ အဲဒီလိုပဲ သူ့နိုင်ငံရဲ့ ပြည်သူများရော၊ အခြားနိုင်ငံ က ပြည်သူများရောရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုလည်း လေးစားဖို့ လိုပါတယ်" ဟု နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတော် လုံခြုံရေးအတွက် သာမက ပြည်သူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များ လုံခြုံရေးအတွက် လိုအပ် သည့် လေ့လာသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနဲ့ အခြားနိုင်ငံများရဲ့ ဆောင်ရွက်ချက်များ ကိုလည်း စောင့်ကြည့်လေ့လာနေကြောင်း သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Daily Eleven သို့ ဖြေဆိုခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှ အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ သံရုံးများနှင့် ကောင်စစ်ဝန် ရုံးများမှတစ်ဆင့် လျှို့ဝှက်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သြစတြေးလျ သတင်းစာ Sydney Morning Herald ၏ ရေးသားချက်အရ သိရသည်။
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီမှ ၀န်ထမ်းဟောင်း အက်ဒ်ဝပ်ဒ်စနိုးဒင်၏ နောက်ဆုံး ဖွင့်ဟ ပြောကြားချက်တွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့တစ်ဝန်းတွင် လျှို့ဝှက်ထောက် လှမ်းရေး ဌာနပေါင်း ၉၀ ရှိပြီး ဂျကာတာ၊ ကွာလာလမ်ပူ၊ ဗန်ကောက်၊ ဖနွမ်းပင်နှင့် ရန်ကုန်မြို့တို့ရှိ သံရုံးများတွင် အဆိုပါ လျှို့ဝှက်ထောက်လှမ်းရေး ဌာနများ ရှိနေကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန် အစိုးရမှ မြန်မာနိုင်ငံအပေါ် လျှို့ဝှက်စုံစမ်း ထောက်လှမ်းမှု ရှိ၊ မရှိ မြန်မာနိုင်ငံတော် အစိုးရမှ သိရှိပါသလားဟု မေးမြန်းရာတွင် ဦးရဲထွဋ်က "မြန်မာနိုင်ငံအပေါ် လျှို့ဝှက်ထောက်လှမ်းမှုများနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ သီးခြားသတင်း အချက်အလက် ရှိရင်လည်း ဘယ်လိုသိတယ်ဆိုတာ ထုတ်ပြောလို့ မရပါဘူး" ဟု ပြန်လည်ဖြေဆိုခဲ့သည်။
ဂျာမနီ အခြေစိုက် Der Spiegal မဂ္ဂဇင်းမှ အသုံးပြု ဖော်ပြခဲ့သည့် ထိပ်တန်းလျှို့ဝှက် မြေပုံ အရ တောင်အာရှတွင် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး စခန်းပေါင်း ရှစ်ခုရှိသည်။ အဆိုပါ လျှို့ဝှက်ထောက်လှမ်းမှုများအား သြစတြေးလျနိုင်ငံမှ သိရှိထားပြီး ၎င်းကိုယ်တိုင်လည်း ပါဝင်မှုရှိကြောင်း Sydney Morning Herald က ရေးသားထားသည်။
ထိုကဲ့သို့ အချက်အလက်များ ရယူခြင်းအပေါ် ဦးရဲထွဋ်က "ကျွန်တော့်အနေနဲ့ အမေရိကန် အစိုးရရဲ့ အကြမ်းဖက်မှု အန္တရာယ်အပေါ် စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမဲ့ခင်ဗျာ သူများအိမ် ထဲကို ချောင်းကြည့် မယ်ဆိုရင်တော့ လုံလောက်တဲ့ အကြောင်းပြချက် ရှိရပါမယ်။ မရှိဘူးဆိုရင်တော့ မသမာမှု လုပ်တယ်ဆိုပြီး စွပ်စွဲခံရမှာပါပဲ" ဟု ပြောကြားခဲ့သည်။
လက်ရှိလျှို့ဝှက် ထောက်လှမ်းမှုများအတွက် သံရုံးများတွင် သီးသန့်အခန်း ထားရှိပြီး ဖုန်းခေါ် ဆိုမှုများ ကိုပါ ကြားဖြတ်နားထောင်နိုင်သည့် အနေအထားတွင် ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေး လှုပ်ရှားသူများနှင့် မီဒီယာ သမားများအပေါ် SB မှ စောင့်ကြည့်မှုများ ရှိသည်ဟု ဝေဖန်သုံးသပ်မှုများ ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မီဒီယာ သမားများကို စောင့်ကြည့်လေ့ လာမှုများ ပြုလုပ်ခြင်း မရှိတော့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ပြောကြားသည်။

Eleven

No comments:

Post a Comment