Sunday, November 3, 2013

ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း လိုင်ဇာထိပ်သီး ဆွေးနွေးပွဲက ကြေညာချက်ထုတ်ပြန်

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများအား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေ ရှင်းဆောင် ရွက်နေသည့် အချိန်တွင် တိုင်းရင်းသား နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်အား အဟန့်
အတား ဖြစ်စေနိုင်သည်ဟူသော အချက်အပါအ၀င် အချက်ခုနစ်ချက်ကို  နိုဝင်ဘာ ၂ ရက်က လိုင်ဇာမြို့ ၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲက ကြေညာချက် ထုတ်ပြန်ခဲ့ သည်။ ထို့ပြင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန်အတွက် နိုင်ငံရေး ဦးစီးကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထား ညှိနှိုင်းရေးအဖွဲ့ကိုသာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ လိုင်ဇာဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့မှ ကိုယ်စားလှယ်နှင့် လေ့ လာသူ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ ဘုံ သဘောထား ရပ်တည်ချက် ၁၁ ချက်ကို ချမှတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့်အပြင် ဘုံသဘောထား ရပ်တည်ချက်ကို အစိုးရနှင့် ညှိနှိုင်းရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို UNFC အတွင်းရေးမှူးချုပ် နိုင်ဟံသာက ဦးဆောင်မည်ဖြစ်ပြီး၊ ဒုတိယ ခေါင်းဆောင်များအဖြစ် KNU မှ ပဒိုကွယ်ထူးဝင်း၊ KIO မှ ဗိုလ်ချုပ်ဂွမ်မော်တို့က ဦးဆောင်မည် ဖြစ်သည်။   
"ဒီတစ်ပတ်မှာတော့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်ကော်မတီပဲ ခေါ်ခေါ်ပေါ့။ ဦးစီးအဖွဲ့ပဲ ခေါ်ခေါ် မဖွဲ့နိုင်သေးပါဘူး။ အဲ့ဒါကို နောက်တစ်ကြိမ်မှာ လျာထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဦးဆောင်ကော်မတီထဲမှာ ထည့်သွင်းဖို့ အဆင်သင့် မဖြစ်တာတွေ ရှိသေးတယ်"ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၂ ရက် ညပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုကော်မတီတွင် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့မှ ကိုယ်စားလှယ်များ မပါဝင်သေးဘဲ ကျန်ရှိသော လိုင်ဇာ ဆွေးနွေးပွဲတက် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment