Monday, November 25, 2013

ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေတ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံ ပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ပြန်လည် လေ့လာ သုံးသပ် ရမယ်။ ကျွန်တော် စပြီး ဖွဲ့စည်းကတည်းက လေ့လာ သုံးသပ်တယ်။ ဒီဥပဒေကို သုံးသပ်တဲ့အခါ လျှို့ဝှက်သုံးသပ်တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးရင် အမြဲတစေ ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံ အကျိုး စီးပွား ဖြစ်လိမ့်မယ်လို့ ပြောလို့မရဘူး။ ဒီနေ့ မှန်ပေမယ့် နောက်နေ့ လွဲချင်လွဲနေလိမ့်မယ်”ဟု ၎င်းက ဆို သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအ၀င် ဒေသခံများ တက်ရောက်သည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေတွင် ပြင်စရာ၊ ပယ်ဖျက်စရာ၊ အသစ်ရေးစရာများ ရှိကြောင်းနှင့် ဥပဒေများ သည် တရားမျှတမှုရှိပြီး ပြည်သူများ လိုက်နာနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။

လက်ရှိတွင် ဥပဒေ ၇၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေကြမ်း ၅၃ ခုကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်လုံးတွင် လက်ခံ ဆွေးနွေးလျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ရန် ဥပဒေရေးရာပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အငြိမ်းစား ၀န်ထမ်းဟောင်းများ၊ တက္ကသိုလ် ဆရာဆရာမများ စုစုပေါင်း ၆၇ ဦးဖြင့် ဥပဒေရေးရာ နှင့် အထူးကိစ္စများ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းထားသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြော သည်။

Mizzima

No comments:

Post a Comment