Monday, November 25, 2013

ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းတောင်းဆိုမည်

ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သည်ကို အရေးယူသည့် ပုဒ်မ ၁၈ နှင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ရာဇသတ်ကြီးပုဒ်မ (၅၀၅/ခ) ဖြင့် ပြစ်ဒဏ်ကျခံနေရ သူများ ကို နိုင်ငံ ရေးအကျဉ်းသားစာရင်းတွင် ထည့်သွင်းပြီး လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု လက်ကျန် နိုင်/ ကျဉ်း စိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ဦးရဲအောင်က နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ယင်းပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့်အမှုပေါင်း၂၅၆ မှုကျော်ရှိနေပြီး နိုင်ငံရေးအကျဉ်း သားများစာရင်းကို ဒီဇင်ဘာလကုန် အပြီး စာရင်းပေးရမည်ဖြစ်ရာ ၎င်းတို့ကိုလည်း နိုင်/ ကျဉ်း စာရင်း ထည့်၍ တောင်းဆိုသွားမည်ဟု ဦးရဲအောင်က ပြောသည်။

“အခု ကျွန်တော်တို့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၈၂ ဦးနဲ့ ပုဒ်မ ၁၈ တို့ ၅၀၅ တို့နဲ့ စွဲချက်တင်ထား တဲ့အမှု ၂၅၆ မှုကျော်အား သမ္မတကို တင်ပြမယ်။ သမ္မတက နှစ်ကုန်မှာ အကုန်လွှတ်ပေးမယ်ပြောတော့ အဲဒီပုဒ်မတွေနဲ့ စွဲထားတာတွေ ဘယ်လိုလုပ်မလဲဆိုတာ သိရဖို့ တင်ပြမှာဖြစ်တယ်”ဟု ဆိုသည်။

ယင်းအပြင် အကျဉ်းထောင်အတွင်းနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်း သားများ၏ မိသားစုများကို ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ (FPPs)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်အောင်က ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ တာမွေမြို့နယ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရုံးတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) နှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPs) တို့ ပူးပေါင်းကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဖြစ်သည်။ အဆိုပါပွဲတွင် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် စစ်ကြောရေး စခန်းနှင့် အကျဉ်း ထောင်များအတွင်း သေဆုံးသွားခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုတို့အား ကူညီထောက် ပံ့ရန် စီစဉ်ထား ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ဦးမြင့်အောင်က “ထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ ကျဆုံးသွားတဲ့ ကျဆုံးရဲဘော်မှာ ဇနီး သို့မဟုတ် ခင်ပွန်းရှိသလား၊ ခံစားခွင့်ပေးမယ်၊ အကယ်၍ မရှိဘူးဆိုရင် သားသမီး၊ သားသမီး မရှိဘူးဆိုရင် မိခင်၊ ဖခင်၊ မိခင်ဖခင် မရှိဘူးဆိုရင် ညီအကို မောင်နှမတွေ ခံစားခွင့်ရပါမယ်”ဟု ပြောသည်။

ထောက်ပံ့ရေး အစီအစဉ်တွင် တစ်သုတ်ပြီး တစ်သုတ် ထောက်ပံ့သွားမည်ဖြစ်ကာ တစ်သုတ်လျှင် လူဦး ရေ ၅၀ ခန့် လျာထားကြောင်းလည်း ဦးမြင့်အောင်က ပြောသည်။

၎င်းက “ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးဆိုရင် ၁၀ သိန်းလောက် အကြမ်းဖျင်း လျာထားတယ်။ ၁၆၂ ဦးက တော့ စာရင်းရှိတယ်။ မြန်မာပြည်အနှံ့မှာဆိုတော့ ဆက်သွယ်ဖို့ အခက်အခဲဖြစ်နေတာက ၄၀ လောက်ရှိ တယ်။ဘယ်မှာရောက်နေတယ်၊ နောက်တစ်ခါ ဆက်ခံခွင့်ရှိသူဟုတ်၊မဟုတ်ဆိုတာကတော့ အထောက် အထား ပြရမှာပေါ့”ဟု ဆိုသည်။

ယင်းသို့ ထောက်ပံ့မှုများကို ဒီဇင်ဘာလကုန်တွင် စတင် ထောက်ပံ့ပေးမည် ဖြစ်သည်ဟုလည်း အဆိုပါ အသင်းများမှ သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားကြသည့် နိုင်ငံရေးအကျဉ်း သား ရဲဘော်၊ ရဲဘက်များ၏ ဂုဏ်ပြုခြင်းဖြစ်သလို မိသားစုဝင်များကို စိတ်ဓာတ်ခွန်အား ဖြစ်စေရန် ရည် ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန် မာနိုင်ငံ)မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်ကလည်း ပြောသည်။

နိုင်ငံရေးအကျဉ်းသား တစ်ဦးချင်းစီအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှု များ ပြုလုပ်သွားမည်ဖြစ်ပြီး ဆေး ကုသရန် လိုအပ်ပါကလည်း တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း AAPP (B) ၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဆက်သွယ်ရန် အခက်အခဲရှိသူ နိုင်/ ကျဉ်းဟောင်း မိသားစုများအနေဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPs) တာမွေမြို့နယ် ၁၅၄ လမ်း၊ တိုက်အမှတ် ၉ ၊ အခန်း နံပါတ် ၁၀၁ ရုံးအသစ်သို့ ဆက်သွယ်နိုင်ကြောင်းလည်း ဦးမြင့်အောင်က ကြေညာသွားသည်။

အစိုးရသစ်တက်ပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများကို ၁၂ ကြိမ်တိုင်တိုင် လွှတ်ပေးခဲ့ပြီးဖြစ်သည်။

Mizzima

No comments:

Post a Comment